တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၉

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ဌာန ဆိုင်ရာလုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး အရည်အသွေးနှင့် အရည်အချင်းပြည့်ဝကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားပြီး ကျွမ်းကျင်သူပညာရှင်များ ဖြစ်လာရန် လိုအပ်ကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်နေသည့်နေရာဒေသနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းလာစေရန် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဌာန၏မူဝါဒ၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျသိရှိထားမှသာ   လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ ပြည်သူတို့၏ ရပိုင်ခွင့် အခွင့်အလမ်းများကို အထောက်အကူပြုပေးရာတွင်ဖြစ်စေ ထိရောက်စွာ ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။    

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံရယူကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား   သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။