တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

 

တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အကြိမ်(၃၀)မြောက် စကားဝိုင်း ဆွေးနွေးပွဲကို   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွေးမြူရေးပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲတွင်   သက်ဆိုင်ရာ နယ်ပယ်အလိုက်   လုပ်ငန်း အတွေ့အကြုံရှိကြသူ ပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးချက်၊ အကြံပြုချက်များအပေါ် အခြေခံ၍ ပြည်သူ့ကျန်းမာရေးအတွက် အသိအမြင်များတိုးပွားလာပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် အချက်အလက်များ ဖော်ထုတ်ရေး၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ စူးစမ်းရှာဖွေဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများအတွက် အသိပညာ၊ နည်းပညာ၊ သတင်းအချက်အလက်နှင့် အလေ့အကျင့်ကောင်းများ မျှဝေဖလှယ်ခြင်းဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး   ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည့်နည်းလမ်းများ ရှာဖွေ နိုင်ရေးအတွက်    ကြိုးပမ်းသွားကြရန် တိုက်တွန်းအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊   မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များက တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများနှင့် ပြည်သူ့ကျန်းမာရေးသက်ရောက်မှုအခြေအနေ၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ (Zoonoses)နှင့်ပတ်သက်၍  New Emerging Disease များကို ကြိုတင်သိရှိနိုင်ရန် သုတေသနပြုဆောင်ရွက်ချက်များ၊ ဆောင်ရွက်သင့်သည့် အချက်များနှင့် အကြံပြု သုံးသပ်ချက်များ၊ ဓာတ်ခွဲခန်းများ၏ အခန်းကဏ္ဍ၊ တစ်ခုတည်းသော ကျန်းမာရေးအမြင်ဖြင့် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် သုံးသပ်အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။