(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဖေဖော်ဝါရီ   ၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ

ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကြီးတွင် ပါဝင်ပြသကြမည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းများအလိုက် မိမိတို့ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများကို ပြည်သူများအား ခင်းကျင်းပြသရောင်းချနိုင်ရေး စိတ်အားထက်သန်စွာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပွဲတော်အတွင်းပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် ခင်းကျင်းပြသရောင်းချသွားမည့် ဒေသထွက်ထုတ်ကုန်များ၊ ရိုးရာအစားအစာများနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်။

ဦးတင်ဦး(စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)

 (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့   နေပြည်တော် ပြည်ထောင်စုနယ်မြေ    အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်  ၁၅ ခုက MSME ထုတ်ကုန်အရောင်းပြပွဲနဲ့ ရိုးရာအစားအစာ  အရောင်းပွဲတော်ကို ပဲခူးတိုင်းဒေသကြီး   ကိုယ်စားပြုအနေနဲ့ လာရောက်ခင်းကျင်းပြသခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲက   စိုက်ပျိုးရေး၊ မွေးမြူရေးကနေထွက်ရှိတဲ့ ကုန်ကြမ်းကို အခြေခံတဲ့ ထုတ်ကုန်တွေကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲပြီး သွင်းကုန်အစားထိုးနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်နိုင်ဖို့   လမ်းညွှန်ထားပါတယ်။

ဒါကြောင့် ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်အရောင်းပြခန်းမှာဆိုရင်  စက်မှုလက်မှုနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဦးစားပေး ပြသထားပါတယ်။    ကျွန်တော်တို့ တိုင်းဒေသကြီးပြခန်းမှာ  ကြံထွက်နှုန်းများ ကောင်းမွန်ဖို့အတွက်   ပြည်တွင်းစက်မှုကုန်ကြမ်းအနေနဲ့ တီထွင်ထားတဲ့ ကြံမျိုးချစက်ယန္တရားနဲ့ ကြံမြေသြဇာကြဲပက်စက်တွေကို ပြသထားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တီထွင်ထားတဲ့ စက်မှုတန်ဖိုးမြှင့်ထုတ်ကုန်တွေကိုလည်း အရောင်းပြခန်းမှာ ပြသထားရှိမှာ ဖြစ်ပါတယ်။ One Region One Product ဆိုတဲ့မူအရ  တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင် ၆ ခရိုင်နဲ့ မြို့နယ်  ၂၈ မြို့နယ်ရဲ့   ထုတ်လုပ်တဲ့ထုတ်ကုန်တွေကို ကဏ္ဍအလိုက်ပြသထားရှိမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့  MSME အရောင်းပြခန်းနဲ့တွဲဖက်ပြီး ရိုးရာအစားအစာ အရောင်းဆိုင်မှာလည်း လူကြိုက်များပြီး ထင်ရှားကျော်ကြားတဲ့ အစားအစာတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ထုတ်လုပ်တဲ့ ြှနြ ထုတ်ကုန်အရောင်းပြခန်းတွေကို ပြသမှာ ဖြစ်တဲ့အတွက်  တစ်နေရာတည်းမှာ ကုန်စည်အမျိုးအစားများနဲ့ ရိုးရာအစားအစာများကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူခွင့်ရရှိမှာဖြစ်တဲ့အတွက် လာရောက်လေ့လာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးကျော်မင်းခိုင် (တိုင်းရင်းသားရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော့်အနေနဲ့  ကချင်ပြည်နယ်ကိုယ်စားပြုပြခန်းမှာ  တာဝန်ခံအနေနဲ့ဆောင်ရွက်ပါတယ်။ ဒီပြပွဲမှာ ကျွန်တော်တို့ဒေသထွက် ကျောက်စိမ်း၊ ပယင်း၊ တစ်ရှူးငှက်ပျော ၊ ပြောင်းဖူးတွေကို  အဓိကပြသသွားမှာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားတွေရဲ့   ရိုးရာအစားအသောက်တွေကိုလည်းစုံစုံလင်လင်  ရောင်းချသွားမှာပါ။

ဒီပြပွဲကြီး   ကျင်းပပေးခြင်းအားဖြင့် ကျွန်တော်တို့တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေ တွေ့ဆုံရသလို နိုင်ငံ့စီးပွားရေးတိုးတက်စေဖို့အတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်။  ပြပွဲကြီးဟာ MSME လုပ်ငန်းရှင်တွေကိုလည်း   အများကြီး အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ဒါကြောင့်  တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက ပြည်သူတွေကိုလည်း ပြပွဲကြီးကို လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဦးစိန်ထွန်းလှ  (တိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော်ကတော့ ချင်းပြည်နယ်ကိုယ်စားပြုပြခန်းတာဝန်ခံဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်အနေနဲ့ ဒေသထွက်ခေါင်ရည်၊ ဝိုင်၊ ခေါက်ဆွဲခြောက်၊ တီးတိန်ကော်ဖီ၊ နွားနောက်သားခြောက်၊  အထည်အလိပ်တွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ချင်းပြည်နယ်ထွက်ကုန်တွေကို လူတိုင်းကစိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ဒေသထွက်ကုန်တွေကို  စုံစုံလင်လင်ဖြစ်အောင် ပြသသွားမှာဖြစ်ပါတယ်။ ဒီလိုပါဝင်ပြသ ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဒေသခံတွေအနေနဲ့လည်း   ကိုယ့်ဒေသထွက်ကုန်တွေကို  တစ်နိုင်ငံလုံးကသိသွားကြတဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြပါတယ်။ ချင်းပြည်နယ်မှာ လူမျိုးနွယ်စု ၅၃ မျိုးရှိပါတယ်။   ဒီလူမျိုးနွယ်စုတွေရဲ့ အဓိကအစားအသောက်တွေကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။   ဒါကြောင့် ပြည်သူတွေအနေနဲ့   ချင်းပြည်နယ်ရဲ့ထွက်ကုန်တွေ၊ ရိုးရာအထည်အလိပ်တွေ၊ အစားအသောက်တွေကို   လာရောက်ကြည့်ရှုလေ့လာကြပါလို့  ချင်းပြည်နယ်ကိုယ်စားဖိတ်ခေါ်လိုက်ရပါတယ်။

ဦးဇော်ထွန်းအောင်(တာဝန်ခံ၊ မကွေးတိုင်းဒေသကြီးMSME ထုတ်ကုန်များအရောင်း ပြခန်း)

လက်ရှိကျွန်တော်တို့မှာ  MSME ထုတ်ကုန်အရောင်းပြခန်းနဲ့ ဒေသထွက်ရိုးရာအစားအစာပြခန်းဆိုပြီး  ပြခန်းနှစ်ခန်းစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီပြခန်းတွေအားလုံး ၉၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ဆောင်ရွက်ပြီးပါပြီ။ မကွေးတိုင်းဒေသကြီးကတော့ အများသိကြတဲ့အတိုင်း ဆီအိုးကြီးဒေသဖြစ်ပါတယ်။ ဒါကြောင့် မကွေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ မြေပဲဆီ၊ နှမ်းဆီတွေကို ရောင်းချသွားပါမယ်။ နောက်ပြီး ဒီမြေပဲဆီ၊ နှမ်းဆီထုတ်လုပ်တဲ့ သစ်သားဆုံဆီကိုလည်း ပြကွက်တစ်ခုအနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။ နောက်ပြီး ပခုက္ကူမြို့ကထုတ်တဲ့ ချည်ထည်အမျိုးမျိုးနဲ့ မင်းလှဒေသကထွက်တဲ့ လက်ရက်ကန်းချည်ထည် တွေကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။ စလေကထွက်တဲ့  ဆီးဖျော်ရည်လုပ်ငန်းတွေအပြင် အမျိုးအစားစုံလင်အောင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီလို MSME ထုတ်ကုန်တွေ ပြသရတဲ့အတွက်   တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့  စီးပွားရေးလုပ်ငန်းတွေအတွက်လည်း  များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။ ပြပွဲမှာ  တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့   ဒေသထွက်ကုန်တွေကို အများပြည်သူသိရှိအောင် ပြသနိုင်မယ့်အခွင့်အလမ်းလည်း ရရှိစေမှာဖြစ်ပါတယ်။

လာရောက်ရောင်းချတဲ့  လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦးချိတ်ဆက်မိပြီး  ဈေးကွက်ကျယ်ပြန့်စွာ ရရှိစေမှာ ပဲဖြစ်ပါတယ်။   ပြည်သူတွေအနေနဲ့ ဒေသအလိုက်  ထုတ်ကုန်တွေနဲ့ ရိုးရာအစားအစာတွေကို  လေ့လာကြည့်ရှုပြီး ကြိုက်နှစ်သက်ရာကို   အားပေးဝယ်ယူ နိုင်ကြမှာဖြစ်ပါတယ်။

ဦးသိန်းဆွေ(တာဝန်ခံ၊ ရန်ကုန်တိုင်းဒေသကြီး ြှနြ ထုတ်ကုန်များအရောင်းပြခန်း)

ကျွန်တော်တို့   ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ပြခန်းသုံးခုဖွင့်လှစ်ပြသမှာဖြစ်ပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန်နဲ့အတူ သီလဝါစက်မှုဇုန်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းပြခန်း၊ MSME ပြခန်း၊ ဒေသထွက်စားသောက်ကုန်ပြခန်းတွေပဲဖြစ်ပါတယ်။ စက်မှုဇုန်ပြခန်းမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ ထွက်တဲ့ပြည်တွင်းထုတ်ကုန် တွေအားလုံးကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ  ပါဝင်ပြသမှာပဲဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း မြန်မာ့မုန့်မျိုးစုံကိုရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလိုပြပွဲ ပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုတွေရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တခြားပြခန်းတွေက အဆင့်မြင့်မြင့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုလည်း လေ့လာခွင့်ရမှာဖြစ်တဲ့အတွက် အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။ ပြည်သူတွေအားလုံးလည်း ပြပွဲကြီးကို လာရောက်ပြီးMSME ထုတ်ကုန်တွေကို လေ့လာပြီး ဒေသထွက်အစားအစာတွေကို လာရောက်မြည်းစမ်းကြဖို့ ဖိတ်ခေါ်လိုပါတယ်။

ဒေါ်ဝတ်ရည်ဖြိုး  (အဖွဲ့ဝင်၊ MSMEထုတ်ကုန်များအရောင်းပြပွဲ အခမ်းအနားဖြစ်မြောက်ရေးဆပ်ကော်မတီ)

ကျွန်မတို့နိုင်ငံမှာ MSME လုပ်ငန်းတွေအများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဒေသထွက်ကုန်တွေကို  တစ်နေရာတည်းမှာ ခင်းကျင်းပြသထားတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးကျွန်မတို့နိုင်ငံမှာ  ပြည်ပတင်ပို့နေတဲ့  ဒေသထွက်ကုန်တွေလည်း ရှိပါတယ်။ ပြပွဲကတစ်ဆင့် ဒီထွက်ကုန်တွေလည်း ပြည်ပကို ပိုမိုတင်ပို့နိုင်မှာလည်း   ဖြစ်ပါတယ်။

နောက်ပြီး   တိုင်းရင်းသားရိုးရာအစားအသောက်တွေကိုလည်း  ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။  ဒါကြောင့် တိုင်းဒေသကြီးနဲ့  ပြည်နယ်အားလုံးကို သွားစရာမလိုဘဲ   ရိုးရာအစားအစာစစ်စစ်ကိုလည်း  ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့နေပြည်တော်ကိုယ်စားပြုပြခန်းမှာလည်း နေပြည်တော်ရဲ့နာမည်ကြီးဒေသ ထွက်ကုန်တွေကိုလည်း  ပြသသွားမှာဖြစ်ပါတယ်။   ပြည်ပတင်ပို့နေတဲ့ နေပြည်တော်ဒေသထွက်ကုန်တွေအပြင် 

သုံးဘီးဆိုင်ကယ်တွေကိုလည်း  ပြခန်းမှာခင်းကျင်းပြသသွားမှာ   ဖြစ်ပါတယ်။ ဒီပြပွဲကြီးကတစ်ဆင့်   တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေစုစည်းရတဲ့အတွက် ပျော်ရွှင်စရာကောင်းပါတယ်။

ဒေသရဲ့ရိုးရာယဉ်ကျေးမှု၊  ဓလေ့စရိုက်လေးတွေကိုလည်း  ကျွန်မတို့လေ့လာခွင့်ရရှိမယ်။ နောက်ပြီး  ပွဲတော်အတွင်းမှာလည်း ချစ်စရာကောင်းတဲ့ တိုင်းရင်းသားရိုးရာအကအလှတွေကိုလည်း ခံစားရမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေလာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။  ။