ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အာဏာ တည်သည့်နေ့ရက် သတ်မှတ်

 

ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အာဏာ တည်သည့်နေ့ရက် သတ်မှတ်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း သိရသည်။ စတင်အာဏာ သက်ဝင်လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ  ယခုကဲ့သို့ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်သည်။ လိုအပ်သည့်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန် ပေးသွားမည်ဟုသိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက်  စစ်မှုထမ်းရန် တာဝန်ရှိသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေ၏နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်  ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ  စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက်  စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း” သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။