အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်းလှည့်ဖြားသူ

အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်းလှည့်ဖြားသူ

အမေရိကန်တပ်မတော်က မကြာသေးမီက အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်း လှည့်ဖြားသူလို့ အမည်ရတဲ့ အသံထက် အလွန်မြန်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်လိုက်တာက အသံထက် အလွန်မြန် လေဟုန်စီးကိုယ်ထည်တစ်ခုဖြစ်ပြီး   စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင်  သူတို့စမ်းသပ်ခဲ့တာက မတ်လမှာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ စမ်းသပ်တယ်လို့ဆိုပါတယ်။ ဒီဒုံးကျည်ရဲ့ သွားရာလမ်းကြောင်းကို ကြိုတင်မခန့်မှန်းနိုင်တဲ့အတွက် ဘယ်လိုသမားရိုးကျ  လေကြောင်းရန် ကာကွယ်ရေးစနစ်ကမျှ ဒီဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ လည်း အဆိုပါ တာဝန်ရှိသူကပြောပါတယ်။ 
အသံထက်အလွန်မြန်ဒုံးစနစ်ဆိုတာ မြန်လွန်းတဲ့နှုန်းနဲ့ သွားတာဖြစ်တာကြောင့် အဲဒီလိုဒုံးစနစ် မျိုးကို ဟန့်တားနိုင်ဖို့ဆိုတာ လုံးဝနီးပါးမဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ထိပ်တန်းတာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် အခုစမ်းသပ်ပြီးတဲ့ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်မယ့်ဒုံးကျည် မဟုတ်တဲ့အပြင် ဒီနှစ်ကုန်မှာလည်း အသံထက်အလွန်မြန်ခရု(စ်) ဒုံးကျည်တစ်မျိုးကို စမ်းသပ် သွားဖို့ရှိတယ်လို့ ထိုတာဝန်ရှိသူက ဆက်ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူတို့အနေနဲ့ ထိပ်တန်းလှည့်ဖြားသူလို့ အမည်ရတဲ့ အသံထက် ၁၇ ဆမြန် ဒုံးကျည်နဲ့ ပတ်သက်ပြီး မေလကတည်းကပြောဆိုမှု တွေရှိခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီး ဌာနဘက်ကတော့ လာမယ့်လေးနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ   အသံထက်အလွန်မြန်ဒုံးကျည် စမ်းသပ်မှုပေါင်း အနည်းဆုံး ၄၀ ခန့်လုပ်ဖို့ စီစဉ်ထားပါတယ်။