ကိုဗစ်-၁၉ ကြောင့် စံချိန်တင် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဗြိတိန်

ကိုဗစ်-၁၉ ရောဂါလို့ခေါ်တဲ့   ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုဟာ လူသားတွေကို အလုံးစုံပျက်စီးရေးဆီ ဦးတည် စေသလား လို့တောင် ထင်မိပါတယ်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယနေ့အချိန်အထိ ရောဂါကူးစက်ခံရသူ သန်း ၂ဝ ကျော်သွားပြီး သေဆုံးသူအရေ အတွက် ကတော့ ခုနစ်သိန်းခွဲ နီးပါးရှိလာပါပြီ။

ရောဂါကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ တစ်ကမ္ဘာလုံးမှာစီးပွား ရေးကျဆင်းမှုတွေကို ရင်ဆိုင် ရပါ တယ်။ တစ်နိုင်ငံမှမလွတ်ပါဘူး။ အခုလည်း ဥရောပဒေသရဲ့ စီးပွားရေး အင်အားကြီးတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန် နိုင်ငံ ဟာဆိုရင် စံချိန်တင်စီးပွားရေးကျဆင်းမှု နဲ့ ရင်ဆိုင်နေရပါတယ်။

ဗြိတိန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ ဒီနှစ်ဒုတိယသုံးလပတ်အတွင်းမှာ ၂ဝ ရာခိုင် နှုန်းကျော်ရှိပါတယ်။ ဒီပမာဏ ဟာ စီးပွား ရေးကျဆင်းနေပါတယ်ဆိုတဲ့ ဥရောပဒေသမှာရှိတဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေထက် အဆမတန် များပြား နေတာဖြစ်ပါတယ်။

ဒုတိယသုံးလပတ်ဖြစ်တဲ့ ဧပြီလမှ ဇွန်လ အတွင်း ဗြိတိန်နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးဟာ ၂ဝ ဒသမ ၄ ရာခိုင် နှုန်းကျဆင်းသွားတာကြောင့် စံချိန်တင် စီးပွားရေးကျဆင်းမှုနဲ့ မကြုံစဖူးရင်ဆိုင် နေရပြီလို့  အမျိုးသား စာရင်းအင်းရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  အခုလိုစီးပွားရေးကျဆင်းမှု ဟာ သုံးလပတ်နှစ်ကြိမ်ဆက်တိုက်စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ ဒါပေမဲ့ ပထမ  သုံးလပတ်အတွင်းမှာတော့ သိပ်မသိသာ ပါဘူး။  စီးပွားရေးကျဆင်းမှု ၂ ဒသမ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။ ပထမနှစ်ဝက်အတွင်း စီးပွားရေးကျဆင်း မှုပမာဏက စပိန်နိုင်ငံနဲ့နှိုင်းယှဉ်ရင်တော့  အနည်းငယ်နည်းပါး ပေမယ့်လည်း အမေ ရိကန်နဲ့နှိုင်းယှဉ်ရင်တော့    နှစ်ဆနီးပါးလောက်များနေတာတွေ့ရပါတယ်။

စပိန်နိုင်ငံရဲ့ ပထမနှစ်ဝက်အတွင်း စီးပွားရေးကျဆင်းမှုပမာဏစုစုပေါင်းက၂၂ဒသမ ၇ရာခိုင်နှုန်းရှိပြီး အမေရိကန် ရဲ့ စီးပွားရေးကျဆင်းမှုပမာဏစုစုပေါင်းကတော့ ၁ဝ ဒသမ ၆ ရာခိုင်နှုန်းပဲရှိပါတယ်။

ဒါပေမဲ့ ဒုတိယသုံးလပတ်တစ်ခုတည်း အတွက်နှိုင်းယှဉ်ရင်တော့ ဗြိတိန်ကသာလွန်ပြီး စပိန်ကတော့ စီးပွားရေး ကျဆင်းမှု  ၁၈  ဒသမ ၅ ရာခိုင်နှုန်းသာရှိတာကို တွေ့ရပါတယ်။

ဒုတိယသုံးလပတ်အတွင်း ဗြိတိန်နိုင်ငံ ရဲ့စီးပွားရေးကျဆင်းရတဲ့ အဓိကအကြောင်းရင်းက ဧပြီလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၂ဝ ရာခိုင်နှုန်းကျဆင်းခြင်းကြောင့်ဖြစ်တယ်လို့   အမျိုးသားစာရင်းအင်းရုံးရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလိုကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ကျဆင်းမှုဟာ စံချိန်တင်အဆိုးဆုံးဖြစ်ပြီး ဒါဟာ  ဝန်ဆောင်မှု၊ ကုန် ထုတ် လုပ်မှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာပါ ကုန်ထုတ်လုပ်မှု ကျဆင်းနေတယ်ဆိုတာကို ထင်ဟပ် စေပါတယ်။

အခုအချိန်ဟာ  ဗြိတိန်အတွက်တော့ အခက်အခဲဆုံး အချိန်လို့ဆိုရတော့မှာပါ။ ဘာကြောင့်လဲဆိုရင် နိုင်ငံအတွင်း မှာရှိတဲ့ လူအများအပြားကလည်း  အလုပ် လက်မဲ့ဖြစ်လာလို့ဖြစ်ပါတယ်။

ဒုတိယသုံးလပတ်အတွင်း ကုမ္ပဏီတွေ ကနေ  အလုပ်ဖြုတ်ခံလိုက်ရတဲ့ သူအရေအတွက်ဟာ ၇၃ဝဝဝဝ ကျော်ရှိပါ တယ်။ အချိန်ကြာလာတာ နဲ့အမျှ ဒီအရေအတွက် ဟာလည်း မြင့်တက် လာနိုင်ပါတယ်။

လတ်တလောမှာတော့ အစိုးရရဲ့ထောက် ပံ့ပေးမှုကြောင့် အလုပ်လက်မဲ့ နှုန်းက ဆိုးဆိုး ဝါးဝါးကြီး များပြား လှတယ်တော့ မဆိုသာ ပေမယ့် လက်ရှိအလုပ်သမား ၁ဝ သန်းနီးပါးရဲ့  လစာ ၈ဝ ရာခိုင်နှုန်းကိုပေးပြီး ခွင့်ပေး ထားတဲ့   အစိုးရရဲ့အစီအစဉ်ကို အောက်တိုဘာလမှာ   ရပ်ဆိုင်းလိုက်ရင်တော့ အလုပ်လက်မဲ့နှုန်းတိုး လာနိုင် ပါတယ်။

စီးပွားရေးပညာရှင်တွေရဲ့ခန့်မှန်းချက် အရဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာနိုင် တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အင်္ဂလန်ဗဟိုဘဏ်ကတော့ ဒီနှစ်အကုန်မှာ အလုပ်လက်မဲ့နှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုလက်ရှိမှာ    စီးပွားရေးပြန်လည် နာလန်ထူလာစေဖို့အတွက် အင်္ဂလန်ဗဟို ဘဏ်က   စတာလင်ပေါင် ဘီလီယံ ပေါင်း များစွာကို စံချိန်တင်အနည်းဆုံးအတိုးနှုန်း ဖြစ်တဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းနဲ့ ထုတ် ချေးပေးနေ ပါတယ်။

ဒါကြောင့် ဗြိတိန်နိုင်ငံရဲ့စီးပွားရေးဟာ တတိယသုံးလပတ်နဲ့စတုတ္ထသုံးလပတ်မှာ အနည်းငယ်ပြန် တက်လာ နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

ဗြိတိန်အစိုးရက အသွားအလာတားမြစ် ကန့်သတ်မှုတွေကိုဖြေလျှော့ပေးပြီးနောက် ဇွန်လမှာ စီးပွားရေး ပြန်တက် မှု   အရိပ် အယောင်တွေကို တွေ့လာရပါတယ်။

သြဂုတ် ၁၂ ရက်မှာတော့ စတာလင် ပေါင်တန်ဖိုးဟာ  တည်ငြိမ်နေပြီး လန်ဒန်စတော့ဈေးကွက်ကလည်း သုည ဒသမ ၉ ရာခိုင်နှုန်းပြန် တက်လာပါတယ်။

ဒါပေမဲ့လည်း ဗြိတိန်အနေနဲ့ ဝမ်းသာစောလို့ မရသေးပါဘူး။ အကြောင်းရင်းကတော့ ဗိုင်းရပ်ကူးစက်မှုက အမြင့်ဆုံး ကိုသာ နောက်တစ်ကြိမ် ပြန်ရောက်လာမယ်ဆိုရင် နာလန်ပြန်ထူဖို့အတွက် မနည်း ရုန်းကန်နေရတဲ့ ယိုင်နဲ့နဲ့ စီးပွားရေးဟာ  နောက်တစ်ကြိမ်  ပြိုလဲသွားဦးမှာဖြစ်ပါတယ်။