ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်း ဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၉၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်း စဉ် ဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကား များ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

၁။       အခုလို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ရင်ထဲမှာပြောမပြတတ်အောင် ပီတိဖြစ်မိ ပါတယ်။ ဒီဘုရားကြီးကိုစပြီးတည်ထားပြီဆိုတဲ့သတင်းကို တီဗီမှာစပြီးမြင်တဲ့နေ့ကတည်းက လာရောက်ဖူးမြော်ခွင့်ရဖို့ နေ့တိုင်းစိတ်ကူးတွေယဉ်ခဲ့တယ်။ ပြီးတော့ ဘုရားကြီးကိုဖူးမြော် လိုက်ရတိုင်း ကြက်သီးတွေထမိပါတယ်။ အခုလည်းဘုရားရင်ပြင်ပေါ်ရောက်တာနဲ့ တစ်ပြိုင်တည်း အရမ်းပျော်လွန်းလို့ ဝမ်းသာပြီးကြက်သီးတွေဖြန်းလာတယ်။ ကိုယ့်လို နိုင်ငံဝန်ထမ်းအငြိမ်းစားတွေ ကျန်ပါသေးတယ်။ သူတိုကိုလည်း နောက်တစ်ခါကျရင် ပို့ပေးမယ်လို့ပြောတဲ့အတွက် ကိုယ့်လိုဘဲသူတို့ကိုလည်း ပျော်စေချင်ပါတယ်။ ဝမ်းသာပီတိ ဖြစ်စေချင်တဲ့ဆန္ဒလေးတွေရှိပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်ရတဲ့အချိန်မှာ ရင်ထဲမှာနိုင်ငံကို အေးချမ်းစေချင်တာပေါ့လေ။ အေးအေးချမ်းချမ်းကြီး မြင်လိုက်ရတဲ့အတိုင်းပါဘဲ။ ဘုရား ရင်ပြင်ပေါ်ကိုရောက်တဲ့အချိန်မှာ ရင်ပြင်တော်ကြီးတစ်ခုလုံးကို နေပူခံကျောက်ပြားတွေ ခင်းထားတဲ့အတွက် ဘုရားဖူးပြည်သူတွေအေးအေးချမ်းချမ်းနဲ့နေရသလို နိုင်ငံတော်ကြီး လည်း အေးချမ်းတော့မယ်ဆိုတဲ့ ပီတိတွေရင်ထဲမှာဖြစ်ပေါ်လာပါတယ်။ ဒီဘုရားကြီးကို တည်ထားပူဇော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ပေးတဲ့ ဦီးဆောင်ဘုရားဒါယိကာကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ နိုင်ငံတော်အကြီးအကဲတွေအားလုံးကို တကယ် ရင်ထဲကနေ လှိုက်လှိုက်လဲလဲနဲ့ကျေးဇူးတင်ပါတယ်။

၂။       မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အခုမှပထမဆုံးလာရောက်ဖူးမြော်တာပါ။ ဒါပေမယ့် တော်တော်လေးဝမ်းသာပီတိဖြစ်မိပါတယ်။ ရှင်းလင်းဆောင်မှာ ကျွန်မတို့ကို ရှင်းပြတယ်။ ဒီဘုရားနဲ့ပတ်သက်ပြီးလုပ်ဆောင်ရတဲ့အပိုင်းတွေမှာ တော်တော်ကိုခက်ခက် ခဲခဲနဲ့ လုပ်ဆောင်ခဲ့ရပြီး ခေတ်မီအဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ကြံ့ကြံ့ခံနိုင်အောင်၊ ကြာရှည်တည်တံ့အောင် လုပ်ဆောင်ထားတဲ့အတွက် အခုလိုအားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ သူတို့တွေ အဲဒီလို လုပ်ဆောင်ခဲ့ကြတဲ့အတွက် ကျွန်မတို့အခုလို အေးအေးချမ်းချမ်းဖူးမြော်ကြည်ညိုခွင့်ရတာ ဖြစ်ပါတယ်။ အခုလို ကြည်ညိုသပ္ပာယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ရင်ပြင်တော်ကနေဆင်းလာပြီး ကျောက်စာရုံစေတီတွေကို လေ့လာတဲ့အခါမှာလည်း အင်မတန် ဝမ်းသာကြည်နူးရပါတယ်။ ကျောက်စာရုံစေတီတွေကို အနိမ့်အမြင့် ညီညီ ညာညာနဲ့ စနစ်တကျသေသေသပ်သပ် တည်ဆောက်ထားတဲ့အတွက် တည်ဆောက်ခဲ့ကြတဲ့ ပညာရှင်တွေကို ချီးကျူးမိပါတယ်။ ကျွန်မတို့ရဲ့မြန်မာနိုင်ငံမှာအကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာလည်းအကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတစ်‌ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်မိပါတယ်။ ဒါကြောင့် ဒီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။

၃။       ဘုရားကြီး တည်ထားပြီးပြီလို့ သတင်းကြားကတည်းက အရမ်းကိုလာရောက် ဖူးမြော်ချင်နေတာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ခဲ့ပါဘူး။ အခုကျမှ အကြောင်းဖန်လာတဲ့အတွက် ရောက်လာခဲ့တာပါ။ အခုလိုလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာပီတိဖြစ်မိပါတယ်။ စီစဉ်ပေးတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူ တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားသပ္ပာယ်တဲ့ ဘုရားကြီးကိုဖူးမြော်ခွင့်ရတာ နည်းတဲ့ကုသိုလ်တော့မဟုတ်ပါဘူး။ ဘုရားကြီးတည်ထားပြီး ကတည်းက လာချင်ခဲ့တာပါ။ ရောက်ရောက်ချင်းမှာ ဘုရားကြီးကို အရင်ဆုံးသွားရောက် ဖူးမြော်ကြည်ညိုကြပါတယ်။ ပြီးတာနဲ့ ကျောက်စာရုံစေတီတွေကို သွားရောက် လေ့လာခဲ့ပြီး အခု မုစလိန္ဒအိုင်ကို လာရောက်လေ့လာရင်းနဲ့ နဂါးရုံဘုရားကိုလည်း ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ရင်ထဲက ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီလိုနေရာ မျိုးမှာ ဒီလောက်ကြီးမားတဲ့ စကျင်ကျောက်တုံးတော်ကြီးနဲ့ စကျင်ကျောက်တွေအများကြီးကို အလျှံအပယ်အသုံးပြုပြီး တည်ထားပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့် ရတဲ့အတွက် ရင်ထဲကနေ အတိုင်းမသိ ပီတိဝမ်းသာဖြစ်ရပါတယ်။ ဒီကနေပြန်သွားရင်လည်း ကရင်ပြည်နယ်မှာရှိတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ငယ်ပေါင်းမိတ်ဆွေတွေ အားလုံးကိုလည်း အခု ဘုရားဖူးခရီးစဉ်ရဲ့အတွေ့အကြုံတွေကို ပြန်ပြီးဝေမျှပေးသွားမှာပါ။ မသေခင်မှာ ဒီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တစ်ခေါက် လောက်ဖြစ်ဖြစ် လာရောက်ပြီး ဖူးမြော်ကြည်ညိုကြပါလို့ ကျွန်တော့်အနေနဲ့ဖိတ်ခေါ် ပြောကြားလိုပါတယ်။