ဂျူဗင်တပ်စ် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့က စီးရီးအေပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက် လျှော့ချရန ်ဆွေးနွေး

 

ဂျူဗင်တပ်စ် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့က စီးရီးအေပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက် လျှော့ချရန် ဆွေးနွေး

အီတလီစီးရီးအေထိပ်တန်းကလပ်အသင်း သုံးသင်းဖြစ်သည့်  ဂျူဗင်တပ်စ်၊ အေစီမီလန်နှင့် အင်တာမီလန် အသင်းတို့က  စီးရီးအေပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်လျှော့ချရန်  ဆွေးနွေးနေကြောင်း  သိရသည်။

ဂျူဗင်တပ်စ်၊ အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့သည် လက်ရှိစီးရီးအေပြိုင်ပွဲတွင် ကျင်းပနေသည့် ပြိုင်ပွဲဝင် အသင်းအရေအတွက် ၂၀ မှ နှစ်သင်းလျှော့ချပြီး   ပြိုင်ပွဲဝင်အသင်းအရေအတွက် ၁၈ သင်းဖြင့် ကျင်းပနိုင်ရန်  အီတလီစီးရီးအေဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်သည့် ပရီးမီး ယားလိဂ်ပြိုင်ပွဲ၊ စပိန်လာလီဂါပြိုင်ပွဲ၊ အီတလီစီးရီးအေ ပြိုင်ပွဲ၊  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲနှင့်   ပြင်သစ်လီဂူး ဝမ်းပြိုင်ပွဲတို့တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ စပိန်လာလီဂါ ပြိုင်ပွဲ၊ အီတလီစီးရီးအေပြိုင်ပွဲတို့၌ ပြိုင်ပွဲဝင်အသင်း အရေအတွက် ၂၀ ဖြင့် ကျင်းပနေသော်လည်း ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲနှင့်  ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့၌ ပြိုင်ပွဲဝင်အသင်း  ၁၈  သင်းဖြင့်သာ  ကျင်းပနေခြင်း ဖြစ်သည်။

အလားတူ ဂျူဗင်တပ်စ်၊ အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့ကဲ့သို့   လက်ရှိစီးရီးအေပြိုင်ပွဲဝင် ကလပ်အသင်း တချို့ကလည်း    အသင်းလျှော့ချရန် အစီအစဉ်ကို ထောက်ခံမှုများပြုလုပ်ထားပြီး လာမည့် မတ်လ ၁၁ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ အီတလီ စီးရီးအေဘောလုံး အဖွဲ့ချုပ်နှင့် အီတလီစီးရီးအေကလပ် အသင်းမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းလျှော့ချရေး နှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။

အီတလီစီးရီးအေပြိုင်ပွဲ   သမိုင်းတစ်လျှောက်တွင် စတင်ကျင်းပခဲ့သည့်အချိန်က ပြိုင်ပွဲဝင်အသင်းအရေအတွက် ၁၈ သင်းဖြင့်သာကျင်းပခဲ့ပြီး ၂၀၀၄ - ၂၀၀၅ ဘောလုံးရာသီမှစတင်ကာ   အသင်း  ၂၀ ဖြင့်  ယခု ဘောလုံးရာသီအထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။                   

  Ref;Football Italia