တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စ္စည်းများ၊ ဆေးဝါးများ၊ တိရစ္ဆာန်များနှင့်မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စ္စည်းများ၊ ဆေးဝါးများ၊ တိရစ္ဆာန်များနှင့်မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ  ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၉ ရက်တွင် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်အတွင်း၌  တရားမဝင် ကျွန်းသစ် (သုည ဒသမ ၅၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၀၀)နှင့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် (၅ ဒသမ ၃၇၅)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၇၃၅၆)ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ်(သုည ဒသမ ၆၉၇)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၆၀၀)နှင့်   မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားမဝင် အခြားသစ်(၆ ဒသမ ၀၁၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၇၂၈)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၉၁၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ  သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Queen လိမ္မော်အချိုရည်အဆီပုလင်း(၁၅၆၀)၊ Chaokoh Coconut Cream (၁၄၉၆) ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၃၆၇၉၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Truck (၁)စီး(ခန့်မှန်း တန်ဖိုးငွေကျပ်၂၇၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၂၃၆၇၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဖေဖော်ဝါရီလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌  နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်    လိပ်အကောင်သေးအကောင်(၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၇၅၀၀) နှင့် အဆိုပါလိပ်များ တင်ဆောင်လာသည့် Toyota Crown Estate (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၃၇၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ၌ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Violet နို့ဝေဖာထုပ်(၄၆၈၀) ၊ Simethicone Air-x Drops ဆေးဘူး (၁၈၉၀)အပအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၇၇၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့့် Yum Yum ခေါက်ဆွဲခြောက်ထုပ် (၃၆၀၀)အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို   အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌   တရားမဝင်ကျွန်းသစ် (သုည ဒသမ ၃၉၈)တန်၊ အခြားသစ် (၁၉ ဒသမ ၈၅၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၂၅၇၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၃၄၉၅၇၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၂၅၃၀၅၂)ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။