နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်း စားဝန်ထမ်းများ၊  သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ LED Animation ပြသ၍စတင်ဖွင့်လှစ်သည်။ ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ Analogue နှင့် Digital စနစ်တို့ဖြင့် ထုတ်လွှင့်နေ သည့် စက်ရုံများအနက် နေပြည်တော်(ပျဉ်းမနား)၊ ရန်ကုန်(ပြည်လမ်း)နှင့် မန္တလေး ထပ်ဆင့်လွှင့်စက်ရုံ(၃)ရုံမှ Analogue စနစ်ဖြင့် ရုပ်သံထုတ်လွှင့်မှု အစီအစဉ်(Analogue Switch Off – ASO) စတင်ကြောင်းကြေညာသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား DVB-T2 စနစ်တွင် HD Quality ရုပ်သံ(၂)လိုင်းမှ (၉) လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၁)လိုင်းဖြင့် အဆင့်မြှင့်တင်ထုတ်လွှင့်မှုနှင့် MRTV DTH Platform တွင် ရုပ်သံ(၇)လိုင်းမှ(၁၂)လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၉)လိုင်း ထုတ်လွှင့်မှုတို့အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် “နုပျိုဆန်းသစ်(၇၈)နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြား၏အစ “ရန်ကုန်ရေဒီယို (Rangoon Radio)” က ဟု ခေါ်တွင်ခဲ့ရာမှ အမည်စတင်ပြင်ဆင်ခဲ့သည့် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်ကို မူတည်သတ်မှတ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့သည်ကို တွေ့ရှိရကြောင်း။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Myanma Radio and Television- MRTV) သည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားပြီး အစဉ်အလာနှင့် သမိုင်းကောင်းသည့် နိုင်ငံတော်မီဒီယာဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့်ပြည်သူ့အတွက် တာဝန်ကျေပွန်ခဲ့သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သည့် ဌာနကြီးတစ်ခုဖြစ်ခြင်းကြောင့် ယခုကဲ့သို့ (၇၈)နှစ် ပြည့်မြောက်သည့် သမိုင်းမော်ကွန်းမှတ်တိုင်တစ်ခုကို မားမားမတ်မတ်ဖြင့် ဝံ့ဝံ့ကြွားကြွား စိုက်ထူနိုင်ခြင်းပင်ဖြစ်ကြောင်း။

 (၇၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် အာဆီယံနိုင်ငံ များ၌ “Analogue Switch Off-ASO” ဟုခေါ်သည့် Analogue စနစ်နှင့် ရုပ်သံ ထုတ်လွှင့်မှုရပ်ဆိုင်းရန် သဘောတူညီထားကြသည့် အစီအစဉ်ထဲမှ Pilot Project တစ်ခုဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီး ၃ မြို့အတွက် ထုတ်လွှင့် နေသည့် ထပ်ဆင့်လွှင့်စက်ရုံ ၃ ရုံမှ Analogue စနစ် ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်း နိုင်ရန် ကြေညာ ပြီးအဆိုပါမြို့ကြီး ၃ မြို့တွင် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Digital Video Broadcasting – Second Generation Terrestrial (DVB-T2) စနစ်ဖြင့် ထုတ် လွှင့်နေသည့်ရုပ်သံ ၁၈ လိုင်းထဲတွင် High Definition (HD) Quality နှင့် ရုပ်သံလိုင်း ၂ လိုင်းသာ ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁) လိုင်းအထိ အဆင့်မြှင့်တင်ပြီး တိုးချဲ့ထုတ် လွှင့်နိုင်ရန်၊ နောက်ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Direct To Home (DTH) စနစ် ဖြင့်  ရုပ်သံလိုင်း ၇ လိုင်းသာ ထုတ်လွှင့်နေရာမှ ယခုအခါ ရုပ်သံလိုင်း ၁၉  လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန်စသည်များကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု သိရကြောင်း။

MRTV သည် Broadcast Media များဖြစ်သည့် TV နှင့် Radio တို့မှ ထုတ်လွှင့် ရာတွင် လူတိုင်းလက်လှမ်းမီစွာ အရှိန်အဟုန်ဖြင့် အသုံးပြုလာကြသော New Media ဟုခေါ်ကြသည့် Online Media တွင်လည်း “MRTV Application” အပါအဝင် Social Media Platform မှ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးနေသည်ကိုလည်း တွေ့မြင်နေ ရကြောင်း။

ယခုအခါတွင် MRTV  သည်ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုဖြစ်သော နုပျိုသစ်လွင်ပြီး သွက်လက်ထက်မြက်သည့်၊ ဆန်းသစ်ခေတ်မီသည့် နိုင်ငံတော်မီဒီယာပုံစံအသစ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေ ပြီဟု ပြောရမည်ဖြစ်ကြောင်း၊ မူလရည်မှန်းချက် ( ၃ ) ရပ်ဖြစ်သည့် သတင်း အချက် အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့်ဖျော်ဖြေပေးရန် တာဝန်များ ကို ရုပ်မြင်သံကြားမှ နည်းလမ်းပေါင်းစုံဖြင့် ထုတ်လွှင့်ဆောင်ရွက်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏ နေ့ကြီး၊ ရက်ကြီး၊ အခါကြီးနှင့် အခမ်းအနားကြီးများတွင် ကဏ္ဍစုံမှ တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ကြသည်ကိုလည်း တွေ့မြင်ရသည့်အတွက်ကျေနပ် အားရမိကြောင်း။

ထို့ပြင် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်စွန့်စားစား ထမ်းဆောင်နေကြသည့် “တပ်မတော်သား”များအတွက် ရှေ့တန်းစစ်မြေပြင်၊ တပ် စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေပြီး စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် “နိုင်ငံ့ဝန်ထမ်း” များ အပန်းပြေ စေရန်ဖျော်ဖြေတင်ဆက်ပေးခြင်း၊ အနာဂတ်နိုင်ငံတော်တွင် အားကိုးအားထားပြုရမည့် “လူရည်ချွန်”များ ပျော်ရွှင်လန်းဆန်းတက်ကြွစေရန် အပန်းဖြေစခန်းများတွင် သွား ရောက်ဖျော်ဖြေ ပေးခြင်းစသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကိုလည်း ကျယ် ကျယ် ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက် ပေးနေသည်ကို တွေ့မြင်နေရကြောင်း။

တိုင်းရင်းသားများနှင့်ပတ်သက်၍လည်း MRTV  အနေဖြင့် တိုင်းရင်းသား ဘာသာစကား(၁၈)မျိုး အပါအဝင ်စုစုပေါင်း ဘာသာစကား (၂၀) မျိုးနှင့် ထုတ်လွှင့်နိုင်သည် မှာလည်း နိုင်ငံတကာအလယ်တွင် ထူးခြားထင်ရှားပြီး ပြည်ထောင်စုဖွား တိုင်းရင်း သားအားလုံးကို အလေးထား ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သဖြင့် ရုပ်သံလွှင့်မီဒီယာအဖွဲ့ အစည်းကြီးအဖြစ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်ကို ပြောကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် နိုင်ငံနဲ့ပြည်သူလူထုအကျိုးအတွက် နိုင်ငံတော်တာဝန်ကို နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ  တာဝန်ယူဆောင်ရွက်နေရခြင်းလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုပြည်သူ့ဆန္ဒနှင့်အညီ “တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး” ဟူသည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်နှင့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်း ချက်များ အောင်မြင်ရန် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး နှောင့် ယှက်ဖျက်ဆီးမှုများမှ ကင်းဝေးရန်လိုကြောင်း။

အားလုံးသိကြသည့်အတိုင်း ယနေ့နိုင်ငံတော်တွင် ပြည်တွင်းပြည်ပသွေးထိုး မြှောက်ပင့်ပေးနေခြင်းများ၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး နိုင်ငံကိုချောက်ထဲ ရောက်အောင် တွန်းပို့နေသောယုတ်ညံ့သည့်မီဒီယာများ၊ အခြေအနေနှင့် လက်တွေ့ဖြစ်ပျက် နေမှုများကို အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ် အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာ ရောက်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါ အဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးခြင်း ကြောင့် ပြည်သူလူထုအားလုံးက သိရှိနားလည်ကြရန် သတင်းတုသတင်းမှားများကို တုံ့ပြန်ခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေးခြင်း၊ အသိပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက်က MRTV ၏ ဝန်ထမ်းဟောင်းများ သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများကလည်း “ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရေရှည်တည် တံ့ခိုင်မြဲစေရန်” သမိုင်းပေးတာဝန်များကို သစ္စာရှိရှိဖြင့် ဝန်ထမ်းကောင်းများ ပီသစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက် နိုင်ငံနှင့် ပြည်သူ အပေါ် တာဝန်ကျေပွန်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အမြင်သစ်၊ အသွင်သဏ္ဍာန်အသစ်များ ဖန်တီးထုတ်လုပ်မှုများနှင့် ပိုမိုဆန်းသစ် တင်ဆက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တစ်ဆက်တည်းတွင် မြန်မာနိုင်ငံ၌အနုပညာရှင်၊ အတတ်ပညာရှင်များစွာ မွေးထုတ်ပေးရာ၊ ပန်းပေါင်းစုံဖူးပွင့်လန်း ဆန်းရာ ပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်အောင်၊ ပြည်သူတွေ အားကိုးအားထားပြုရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပြုနေသည့် မြန်မာနိုင်ငံ၏စတုတ္ထမဏ္ဍိုင်တစ်ခု ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေ ထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထုအားလုံးအပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိ နေကြသည့် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများနှင့် အခြားပရိသတ်များအတွက်ပါ သတင်းအချက် အလက်အပါအဝင် အသိပညာဗဟုသုတ၊ အကြားအမြင်များနှင့် ဖျော်ဖြေတင်ဆက်မှုများ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် သာမက ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးတွင်အစဉ်အမြဲမှတ်မှတ်ထင်ထင်ရှိလာအောင် စွမ်းဆောင် ပေးကြရန် မှာကြားလိုကြောင်း။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏(၇၈)နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့မှ သည် ရာစုနှစ်ပေါင်း များစွာအထိ ကောင်းခြင်းဂုဏ်သတင်းမွှေးပျံ့မှု များစွာနှင့်အတူ အောင်မြင်စွာ လျှောက်လှမ်းမှုဖြင့် ဝင့်ထည်တင့်တယ်စွာဖြင့် ရှင်သန်ရပ်တည်နိုင်ပါစေကြောင်းကို ဆန္ဒပြုဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  နိုင်ငံတော်အဆင့် အခမ်းအနားကြီးများ ကျင်းပခဲ့မှုတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများမှ ကဏ္ဍစုံလင်စွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ကို ဂရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု မြဝတီတေးဂီတအဖွဲ့နှင့် ပြင်ပအနုပညာရှင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံ တော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့် တွဲဖက်၍ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့်‌ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွင်း ပြန်ကြားရေးနှင့် ထုတ်လွှင့်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု၍ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့်ကဏ္ဍအလိုက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြကြမှုများအပေါ် လိုအပ်သည်များကို မှာကြားသည်။  

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် လက်ဖက်ရည်ဝိုင်းကို  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီးနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်ပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့် တင်ဆက်လျက်ရှိသည်။

၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio)မှ ဗမာ့အသံ (Burma Broadcasting Services –BBS)အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ(၁)ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန် ထုတ် လွှင့်ခဲ့သည်။ ယခုအခါ MRTV HD၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament၊ MRTV Sports ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံ ရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ(၁၇)မျိုးပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။

 မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူများ အရုပ်၊ အသံ အရည်အသွေး ကောင်းမွန်သည့် အစီအစဉ်များကို ဖမ်းယူကြည့်ရှုနားဆင်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း  Analogue စနစ်ဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ်ထား ရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်ထားသည့် စက်ရုံ ၈၅ ရုံ၊ Digital စနစ်ဖြင့် ထုတ်လွှင့်သည့် DVB T2လွှင့်စက် တပ်ဆင်ထားသည့် စက်ရုံပေါင်း ၁၅၅ ရုံဖြင့် Analogue ရုပ်သံလိုင်းနှင့် Digital ရုပ်သံလိုင်းများကို အပြိုင်ထုတ်လွှင့်ပေး လျက်ရှိသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် ITUမှ CE 06 Agreement အရ အာရှပစိဖိတ် နိုင်ငံများအနေဖြင့် Analogue TV ထုတ်လွှင့်မှု ရပ်ဆိုင်းခြင်း ASO လုပ်ငန်းစဉ်ကိုသတ်မှတ်ထားရှိခြင်း၊  မြန်မာနိုင်ငံတွင် Digital ရုပ်သံလိုင်း (၁၈)လိုင်း ဖမ်းယူရရှိနေပြီဖြစ်ခြင်း၊ နိုင်ငံပိုင် DTH Platform မှလည်း Digital ရုပ်သံလိုင်းများ ထုတ်လွှင့်နေပြီဖြစ်ခြင်းတို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားမှ Analogue နှင့် Digital စနစ်တို့်ဖြင့် ထုတ်လွှင့်နေသော စက်ရုံများအနက် နေပြည်တော်(ပျဉ်းမနား)၊ ရန်ကုန်(ပြည်လမ်း)နှင့် မန္တလေးထပ်ဆင့်လွှင့် စက်ရုံ (၃)ရုံ၌ Analogue စနစ်ဖြင့် ရုပ်သံထုတ်လွှင့်ခြင်း ရပ်ဆိုင်းမှုအစီအစဉ် ASO၏ ပထမ အဆင့်အဖြစ် ယနေ့မှစတင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျန်ရှိနေသည့် စက်ရုံများ ကိုလည်း အဆင့်လိုက် ရပ်ဆိုင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့် DVB T2စနစ်တွင် HD Qualityဖြင့် MRTV-HDနှင့် MRTV- News ရုပ်သံလိုင်း (၂)လိုင်းကို ထုတ်လွှင့်နေရာမှ ဌာနပိုင်ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းများ အပါအဝင် (၉)လိုင်းတိုးချဲ့ပြီး HD Quality ရုပ်သံလိုင်း (၁၁)လိုင်းဖြင့် အဆင့်မြှင့်တင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform တွင် ရုပ်သံလိုင်း (၇)လိုင်းအား ထည့်သွင်းထုတ်လွှင့်နေရာမှ ပုဂ္ဂလိကရုပ်သံလိုင်းများအပါအဝင် (၁၂) လိုင်းထပ်မံတိုးချဲ့၍ စုစုပေါင်း ရုပ်သံလိုင်း (၁၉)လိုင်းဖြင့်  ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေ ပေးရန်၊ ဖျော်ဖြေပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် (၇၈) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး  ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင် မီဒီယာကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။