တိုက်စစ်မှူးဘင်ဇီမာ အာရှချန်ပီယံလိဂ်ပွဲစဉ် ကစားမည့် ကစားသမားစာရင်းမှ ချန်လှပ်ခံရပြီးနောက် နည်းပြဂယ်လာဒိုနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာ

 

တိုက်စစ်မှူးဘင်ဇီမာ အာရှချန်ပီယံလိဂ်ပွဲစဉ် ကစားမည့် ကစားသမားစာရင်းမှ ချန်လှပ်ခံရပြီးနောက် နည်းပြဂယ်လာဒိုနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာ

 

    ဆော်ဒီထိပ်တန်းကလပ် အယ်အီတီဟက်အသင်းက အာရှချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့် ပွဲစဉ်ကစားမည့်    အသင်းကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ရာ   တိုက်စစ်မှူးဘင်ဇီမာ  ချန်လှပ်ခံခဲ့ရပြီးနောက်  ဘင်ဇီမာနှင့်  နည်းပြဂယ်လာဒိုတို့ကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာကြောင်း သိရသည်။

ပြီးခဲ့သည့်နွေရာသီ  ကစားသမား အပြောင်းအရွှေ့ ကာလက ရီးယဲလ်မက်ဒရစ် အသင်းမှ အယ်အီတီဟက် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဘင်ဇီမာသည် ယခုဘောလုံးရာသီ အစပိုင်းက အသင်းနှင့်အတူ ပွဲစဉ် အများစုတွင်  ပါဝင်ခဲ့သော်လည်း  နောက်ပိုင်းတွင် ဘင်ဇီမာက ဆော်ဒီနိုင်ငံ၌ မပျော်မရွှင်ဖြစ်နေသည့် အပြင် အစောပိုင်းကလည်း နည်းပြဟောင်း ဆန်းတို့စ်နှင့် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပွားခဲ့ကာ ယခုအခါတွင်လည်း နည်းပြဂယ်လာဒိုနှင့်ပါ ဆက်ဆံရေး တင်းမာနေခြင်းဖြစ်သည်။

ဘင်ဇီမာသည် ပြီးခဲ့သည့်ဇန်နဝါရီလ ကစားသမား အပြောင်းအရွှေ့ ကာလကလည်း  ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ အသင်းဟောင်း လိုင်ယွန်အသင်းတို့နှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း  တရားဝင်ကမ်းလှမ်းမှု မရရှိသည့်အတွက် အပြောင်း အရွှေ့မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဘင်ဇီမာသည် ယခုလအတွင်း အသင်းလေ့ကျင့်ရေး အစီအစဉ်များကို ပျက်ကွက်ခဲ့သည့်အတွက် နည်းပြဂယ်လာဒိုနှင့်ပါ ဆက်ဆံရေး တင်းမာမှုများရှိလာပြီးနောက် နည်းပြဂယ်လာဒိုက အသင်းနှင့် လေ့ကျင့်ခန်း ပျက်ကွက်ခဲ့သည့် ဘင်ဇီမာကို ယခုရက်ပိုင်းအတွင်း တစ်ဦးတည်း လေ့ကျင့်မှုများ ပြုလုပ်စေသည်အထိ  ဆက်ဆံရေး တင်းမာခဲ့သည့်အပြင် အချင်းများမှုပင် ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

နည်းပြဂယ်လာဒိုက   အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အတွက် ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ ဘင်ဇီမာကို ချန်လှပ်ခဲ့သောကြောင့် ဆက်ဆံရေး ပိုမိုဆိုးရွား လာကြောင်း သိရသည်။