ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အမှတ်တရရင်တွင်းစကားသံများ

မြန်မာ့ပညာရေး၏ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့၏ ရှေးဦးအစ ဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့်အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပလျက်ရှိ သည်။

အဆိုပါရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတော်အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီးများနှင့် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကြသည့် အနုပညာ ရှင်များ၏ အမှတ်တရ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဒေါက်တာဖိုးကောင်း

ပါမောက္ခချုပ်(ရန်ကုန်တက္ကသိုလ်)

ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်တဲ့ ၁၉၂၀ ပြည့်နှစ်မတိုင်မီကတည်းက ရန်ကုန်ကောလိပ်နဲ့ ဂျက်ဆင် ကောလိပ်ဆိုပြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်မှာ ဖြစ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုပြီးတော့ သီးခြားတက္ကသိုလ်ဖြစ်ဖို့အတွက် မြန်မာခေါင်းဆောင်တွေ၊ တိုင်းရင်းသားပြည်သူတွေက တစိုက်မတ်မတ် တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလိုတောင်းဆိုလာတဲ့အတွက်  ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းပြီးတော့   တက္ကသိုလ်စတင်တည်ထောင်ခဲ့ပါတယ်။ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာတော့ နှစ်လတိုင်တိုင် ရာပြည့်သဘင် အခမ်းအနားကြီးကို ကျင်းပဖို့ရည်ရွယ်ခဲ့ပါတယ်။ COVID-19ရောဂါမဖြစ်ပွားခင်ကတော့ ဆရာတို့ အကြိုလှုပ်ရှားမှုတွေ လုပ် ဆောင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့် Logo ကို ပထမဆုံးလုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲခေါ်တယ်။  ပြိုင်ပွဲရဲ့ အဓိကဦးတည်ချက်ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်သဘင်ဦးတည်ချက်တွေလည်းပါရမှာပါ။ ရန်ကုန်တက္ကသိုလ်ရဲ့ အမှတ်အသားဖြစ်တဲ့ ကံ့ကော်ပန်းတို့၊ ဘွဲ့နှင်းသဘင်တို့၊ သစ်ပုပ်ပင်တို့  စတာတွေပါတဲ့  ပြိုင်ပွဲဖိတ်ခေါ်ပြီး ဆုရခဲ့တဲ့ Logo  ကို  ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်ပွဲတော်အတွက်သုံးခဲ့တယ်။ ရန်ကုန် တက္ကသိုလ်စတင်ဖွင့်လှစ်တဲ့ ၁၉၂၀ ပြည့်နှစ်ကနေ ငွေရတုကာလ၊ ရွှေရတုကာလ၊ စိန်ရတုကာလ၊ စိန်ရတု အလွန်ကာလ၊ လောလောဆယ်ကတော့ ရာပြည့်ကာလပေါ့။

ကျွန်တော်တို့က  အဲဒီလိုခေတ်ငါးခေတ်ခွဲပြီးတော့  အဲဒီမှာရှိတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊အထောက် အထားတွေ၊  ဖြစ်တည်တိုးတက်မှုတွေကို ပြပွဲလုပ်တာပေါ့။ ရန်ကုန်တက္ကသိုလ်ကြီး တိုးတက်ရာ တိုးတက် ကြောင်းကိုလုပ်ခဲ့ကြပါတယ်။ အဓိက ထင်ရှားတာကတော့ နိုင်ငံရဲ့ ခေါင်းဆောင်တွေရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဦးသန့်တို့လိုပုဂ္ဂိုလ်မျိုးတွေပါ။ နောက်ပြီး ဦးနုတို့လို ပုဂ္ဂိုလ်မျိုးတွေလည်း ပေါ်ထွန်းခဲ့ပါတယ်။  ဒါ နိုင်ငံသိ၊ ကမ္ဘာသိခေါင်းဆောင်တွေပေါ့။ စာပေပညာရှင်ပိုင်းကဆိုရင်လည်း ရန်ကုန် တက္ကသိုလ်ရဲ့   ပထမဆုံး ကျောင်းအုပ် ဆရာကြီးဖြစ်တဲ့ ဦးဖေမောင်တင်က ကမ္ဘာသိပါပဲ။ နောက် ဆရာကြီးဒေါက်တာ ထင်အောင်ဆိုလည်း ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံးပါမောက္ခချုပ်ပေါ့။ ကျွန်တော်ကတော့  ၁၆  ဦးမြောက်  ပါမောက္ခချုပ်ဖြစ်ပါတယ်။

ဒေါက်တာသောင်းထိုက်  

ဒုတိယပါမောက္ခချုပ်(ရန်ကုန်တက္ကသိုလ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကနေ ၂၀၂၀  ပြည့်နှစ်  ဒီဇင်ဘာလကုန်အထိကတော့ ရာပြည့်သဘင် ကျင်းပတဲ့ ကာလဖြစ်ပါတယ်။ အဲဒီကာလမှာ ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရာပြည့်အမှတ်သညာပွဲတော်တို့၊ သိပ္ပံပွဲခင်း တို့ကို ရန်ကုန်တက္ကသိုလ်မှာ ခြိမ့်ခြိမ့်သဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရာပြည့်သဘင်ကျင်းပရေး ကော်မတီရဲ့ လှုပ်ရှားမှုတွေအတွက် ဆပ်ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်လို့ လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။ အဲဒါကို ကျွန်တော်တို့က Virtual နဲ့ Zoom Application သုံးပြီး နှစ်ရက်တိုင်တိုင် ကျင်းပနေပါတယ်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကို ထိန်းသိမ်းတဲ့အပိုင်းမှာ ရှေးဟောင်းသုတေသနရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင်   ထိန်းသိမ်းရပါတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကလည်း အရည်အသွေးစစ်ဆေးပေးတာတွေ၊ အကြံပေးတာတွေ လုပ်ပေးပါတယ်။ မနှစ်က အောင်အောင်မြင်မြင်နဲ့ လုပ်ခဲ့တဲ့အရာဆိုရင် သစ်ပုပ်ပင်ကို ရန်ကုန်မြို့ပြအမွေအနှစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်နိုင်ခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်ကိုလည်း     ရန်ကုန်မြို့ပြ အမွေအနှစ်စာရင်းဝင်ဖို့ COVID-19 ရောဂါအခြေအနေကြောင့် မလုပ်ဖြစ်ခဲ့တာပါ။

ရန်ကုန်တက္ကသိုလ်ပြတိုက်ကိုလည်း ဒီဇင်ဘာလမှာ ဖွင့်လှစ်ပြီးတော့မှ ရာပြည့်ပွဲတော်နဲ့အတူ  ခင်းကျင်းပြသ သွားဖို့ မူလက ရည်ရွယ်ထားပါတယ်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)

မင်္ဂလာပါ။ ကျွန်တော်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြကနေ ပါမောက္ခဌာနမှူးအဖြစ် အဆင့် ဆင့်တာဝန်ထမ်းဆောင်ခဲ့တာ ၄၃ နှစ်ကြာခဲ့ပါတယ်။ ၄၃ နှစ်ပြည့်တော့ ၂၀၀၆ ခုနှစ်တုန်းက ပါမောက္ခဌာနမှူး အဖြစ်ကနေ အငြိမ်းစားယူ ခဲ့ပါတယ်။  အငြိမ်းစားယူပြီးတာ ၂၀၀၆ ခုနှစ်ဆိုတော့ တော်တော်လေးကြာသွား ပြီ။ ဒီကာလအတွင်းမှာ အငြိမ်းစား ယူပြီးတော့လည်း တက္ကသိုလ်နဲ့ အဆက်မပြတ်ဘဲ စာသင်ပေးနေတဲ့ ပါရဂူအကြိုသင်တန်းတွေကို ကြီးကြပ်နေတယ်ဆိုတော့ ကျွန်တော့်သက်တမ်း တစ်လျှောက်လုံးပေါ့။

အခုကျွန်တော် အသက် ၈၁ နှစ်ရှိပါပြီ။ အဲဒီအထိ ရန်ကုန်တက္ကသိုလ်နဲ့ ကျွန်တော် အမြဲတမ်းထိတွေ့နေတာပါ။   ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်တဲ့ ကာလအထိ ကျွန်တော်အသက်ရှင်လျက်နဲ့ ရာပြည့်ပွဲတော် ကိုမီတဲ့ အတွက်ကြောင့် အင်မတန်ဝမ်းသာအားရပါတယ်။ ဂုဏ်လည်းယူပါတယ်။ ရန်ကုန်တက္ကသိုလ် ငွေရတုတုန်း ကတော့ ကျွန်တော်တို့ တက္ကသိုလ်မရောက်သေးဘူး။ ရွှေရတု နှစ် (၅၀)မှာတော့ တက္ကသိုလ်မှာ ဆရာဖြစ် နေပါပြီ။ အဲဒီမှာ စာတမ်းဖတ်ပွဲတွေမှာ စာတမ်းတွေဖတ်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် (၇၅) နှစ်ပြည့် စိန်ရတု ကာလမှာ ကျွန်တော်က တွဲဖက်ပါမောက္ခဖြစ်နေပါပြီ။ အဲဒီကာလမှာ စိန်ရတုပွဲမှာပါဝင်တဲ့ ကော်မတီတော်တော်များများမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က  မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကစပြီး မျက်မှောက်ခေတ်အထိ ပညာတတ်လူငယ်တွေကို မွေးထုတ်ခဲ့တယ်။ ဒီလူငယ်တွေကပဲ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တယ်။  မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်း ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွေ လုပ်ခဲ့ကြတယ်။ ဒီအတွေ့အကြုံတွေကိုဖြတ်သန်းပြီး နိုင်ငံကို တည်ထောင်ခဲ့ကြတယ်။ နိုင်ငံတည်ထောင်တဲ့နေရာမှာလည်း ဒီလူငယ်တွေ တာဝန်ယူ ဆောင်ရွက်ခဲ့ တာ ယနေ့အထိပါပဲ။

ဦးမြငွေ

(တက္ကသိုလ်အငြိမ်းစားဆရာကြီး)

ကျွန်တော်တို့ခေတ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက များသောအားဖြင့်   ဝတ်စားဆင်ယင်မှုတွေ မှာ စံပြုလောက်တယ်။ အဆင်တောင်မှ ဒါတက္ကသိုလ်ကျောင်းသူတွေဝတ်တဲ့အဆင်၊ ဒါတက္က သိုလ်ကျောင်း သားတွေဝတ်တဲ့စတိုင်ဆိုပြီးရှိတယ်။ ကျွန်တော်တို့ကျောင်းသား အချင်းချင်းတွေ့လို့နှုတ်ဆက်ရင် ကိုထည့် ခေါ်တယ်။ ကိုဆိုတဲ့စကားလုံးလေးက ယဉ်ကျေးမှုအရ တစ်ယောက်နဲ့တစ်ယောက် အရိုအသေပေးတဲ့ သဘောပါတယ်။

၁၉၇၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ပုသိမ်ကောလိပ်နည်းပြဆရာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်  မြန်မာစာ ဌာနမှာ နည်းပြဆရာ၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဆရာကနေ ရန်ကုန် တက္ကသိုလ် မော်ကွန်းထိန်း အဆင့်(၂)၊အဆင့် (၁) ပြီးတော့ ဌာနမှူး၊ ရန်ကုန် တက္ကသိုလ်အဝေးသင်မှာ တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။

ကျွန်တော်တို့တက္ကသိုလ်ကြီးက တစ်ချိန်တုန်းက အင်္ဂလန်လိုနိုင်ငံမျိုးတွေကတောင် ရန်ကုန်တက္ကသိုလ်ကြီးကို ပညာတော်သင်စေလွှတ်ခဲ့ရတဲ့ အဆင့်အတန်းက နည်းတာမဟုတ်ဘူး။ အဲဒီလို ကမ္ဘာကျော်ခဲ့တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာရော ပညာရပ်ပိုင်းဆိုင်ရာအရပါ ဒီတက္ကသိုလ်ကြီးရဲ့ ဂုဏ်ပုဒ်ကို ယနေ့ခေတ်လူငယ်အားလုံး ဆက်လက်ထိန်းသိမ်းစေချင်ပါတယ်။

တေးသံရှင် ကိုင်ဇာ

ကျောင်းနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ ဘာဖြစ်လို့လဲဆိုရင် တက္ကသိုလ်ကျောင်း သားဘဝကို ဦးညီအနေနဲ့ အချိန်အများကြီး ယူခဲ့တယ်။ လေးနှစ်တက်ရမယ့် တက္ကသိုလ်ကျောင်းသားဘဝကို ဦးညီက ၁၀ နှစ်တက်ခဲ့တာ။ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိပေါ့။ ပထမနှစ်ကို ၁၉၇၉ ခုနှစ်မှာ စတက် တယ်။ ပထမနှစ်ကတော့ တန်းအောင်သွားတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က လေးခုဖြစ်သွား တယ်။ Regional ကောလိပ်သုံးခု၊ ဝိဇ္ဇာ၊ သိပ္ပံ ပင်မဆိုပြီး လေးခုခွဲလိုက်တဲ့အချိန်မှာ ဦးညီတို့က Regional 2 မှာပါ။ လှိုင်တက္ကသိုလ်နယ်မြေမှာ ဒုတိယနှစ်တက်ကြရတယ်။ ဒုတိယနှစ်ရောက်တော့ ပညာရေးပြုပြင်ပြောင်းလဲ မှုတွေဖြစ်ခဲ့တယ်။ ဦးညီနှစ်သက်တာတစ်ခုက ကျောင်းပညာသင်ရရုံတင်မကဘဲ မြန်မာတစ်နိုင်ငံလုံးက လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆုံစည်းပြီး အသိုင်းအဝိုင်း လူမှုဆက်ဆံရေးပညာကို သင်ကြား ရတဲ့သဘောဖြစ်တယ်။ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေပါ။ ဒီလိုရာပြည့် အခမ်းအနားမှာရှိနေပြီး ကိုယ်တိုင်လည်း ကျောင်းသီချင်းတွေ အများကြီးရေးဖြစ်၊  ဆိုဖြစ်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးက စာဖွဲ့လို့မကုန်နိုင်လောက်အောင် ဂုဏ်ယူစရာကောင်း တဲ့ မှတ်တမ်းတွေ၊ အစဉ်အလာကောင်းတွေနဲ့ပြည့်နှက် နေပါတယ်။

တေးသံရှင် မေဆွိ

ပထမဆုံးအနေနဲ့ ကျောင်းတက်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်း တက်ခဲ့ရတုန်းက ပင်မတက္ကသိုလ်ကြီးကို မရောက်မီ Regional လို့ခေါ်တဲ့ ကောလိပ်မှာ နှစ်နှစ်ပညာသင် ခဲ့ရပါတယ်။ အဲဒီမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ကျောင်းပွဲတွေမှာလည်း ကြုံဆုံခဲ့ရတာတွေ အများကြီးရှိပါတယ်။

နောက်ပြီး တက္ကသိုလ်ကြီးထဲကို ရောက်တဲ့အခါမှာတော့ ကျောင်းကြီးက အကျယ်ကြီးပဲ။ နာမည်ကြီးတဲ့ သစ်ပုပ်ပင်၊ စစ်ကိုင်းလမ်း စတဲ့အထင်ကရနေရာတွေကို ရောက်သွားတဲ့အခါကျတော့ ကိုယ့်ရဲ့ခံစားမှုက ပြောမပြနိုင်လောက်အောင်ပါပဲ။ ကျောင်းသား၊ ကျောင်းသူဘဝမှာ ကျောင်းဝင်းကြီးတစ်ခုလုံး နေရာအနှံ့ လျှောက်သွားခဲ့ရတဲ့ဘဝကို ပျော်ပျော်ပါးပါးကြီး ဖြတ်သန်းခဲ့တာပါ။

 

မြဝတီသတင်းအဖွဲ့(ရန်ကုန်)