ပုသိမ်မြို့နှင့် တောင်သာမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

ပုသိမ်မြို့နှင့် တောင်သာမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၆

        ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

        အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မြို့နယ်အားကစားကွင်း၌လည်းကောင်း အသီးသီးပြုလုပ်ကြသည်။

        ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူ များက သတ်မှတ်နေရာအသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက် ထောက်ခံကြသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော် ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကိုပြည်တွင်း/ ပြည်ပအန္တရာယ်များကကာကွယ်ဖို့  စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ် ရေး၊ အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို    ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံ ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။