နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေများ တိုးတက်လာပြီး နိုင်ငံ့စီးပွားတိုးတက်ပြောင်းလဲလာမည်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

        ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေးညှိနှိိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးသည်။

        ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတကာမှ တိရစ္ဆာန်အစာစနစ်စိုက်ပျိုးခြင်း၊ နို့စားနွားမွေးမြူခြင်း၊ စပါး စိုက်ပျိုးခြင်း၊ နေကြာရိတ်သိမ်းခြင်းနှင့် ဆီထုတ်လုပ်ခြင်း၊ ခေတ်မီစက်ယန္တရားများနှင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ယန္တရားများဖြင့် တိရစ္ဆာန်များကို အစာကျွေးခြင်း ဗီဒီယိုဖိုင်များကို လေ့လာကြည့်ရှုကြသည်။

ဆီထွက်သီးနှံများ အထွက်နှုန်းတိုးမြှင့်ရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ယနေ့ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး၊ စီးပွားတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို လက်တွေ့ကျကျဆွေးနွေးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ဆက်စပ် သီးနှံများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံမှုရှိစေရေး အလေးထား ဆောင်ရွက်ကြရန် မိမိတို့ စတင်တာဝန်ယူစဉ်ကတည်းက ပြောကြားခဲ့ပြီး အထောက်အကူ ဖြစ်စေရေးအတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် စားသုံးဆီ တင်သွင်းမှုအနေဖြင့် လျော့ကျခြင်း မရှိသည်ကို တွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စားသုံးဆီ ရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစု ရေနှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင် ခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့အနက် မြေပဲသည် တစ်ဧကအထွက်နှုန်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ အချက်အလက်များအရ နေကြာသည်မြေပဲနှင့်နှမ်းတို့ထက်ဆီအထွက်နှုန်း ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ အထက်ပါ ဆီထွက်သီးနှံသုံးမျိုးလုံး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှု အောင်မြင်စေရေးအတွက် ပျားမွေးမြူရေးကိုပါတွဲ၍ ဆောင်ရွက်ရန် လိုသည်ကို တွေ့မြင်ရကြောင်း၊ ဆီထွက်သီးနှံများသည် လေးလတာကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျင် နှစ်သီးစိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း။

        စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်းမျိုးသန့်ရရှိအောင်‌ ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင် ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်နည်းစနစ်များမှန်ကန်ရန် အဓိကကျကြောင်း၊ လက်ရှိ ဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိပြီး ပန်းတိုင် အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ်စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း မတူညီသည့် ရာသီဥတုတွင် လိုအပ်သည့် သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး ဆိုင်ရာ ပညာရှင်များအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုပြီး အခြားနိုင်ငံများ၏ စိုက်ပျိုးရေးတွင် အောင်မြင်စွာဆောင်ရွက်နေကြသည့် နည်းပညာများကိုလည်း အတုယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များအား စနစ်တကျ ပြုပြင်ထားသည့် မြေတွင်မြေဩဇာပြည့်မီစွာ ထည့်သွင်းခြင်း၊ အောင်ရေရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ပြည့်မီလာနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကို ဗဟိုပြု၍ မြစ်၏ အရှေ့၊ အနောက်နှင့် မြစ်လက်တက်များကို အားပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း၊ အခြားသော မြစ်များ၊ ချောင်းများ များစွာလည်း ရှိပြီးဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် ရေနှင့်ပတ်သက်၍ အထောက်အကူ ရရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နွေရာသီကာလ၌ ရေရရှိရန်အခက်အခဲရှိသည့် ဒေသအချို့လည်းရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲရှိသည့် ဒေသများ၌ ဆိုလာကို အသုံးပြု၍ မြစ်ရေတင်ခြင်းများ၊ ရေရရှိနိုင်သည့် အရင်းအမြစ်များမှ  ရေသွင်း စိုက်ပျိုးခြင်းတို့ဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေနှင့် အောင်ရေကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် အဓိက ကျကြောင်း၊ တစ်ဧက အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီသည့် ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း၊  ထို့ကြောင့် စိုက်ပျိုးရေးနှင့် ပတ်သက်ပါက တစ်ဧက အထွက်နှုန်းတိုးမြှင့်နိုင်ရေးသည် အဓိကထား ဆောင်ရွက်ကြရမည့်လုပ်ငန်းအဖြစ် မှာကြားလိုကြောင်း။

        သီးနှံများအနက် စပါးစိုက်ပျိုး၍ရသည့်မြေနေရာသည် အခြားသီးနှံများလည်း အောင်မြင်စွာ ဖြစ်ထွန်းသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးသည့် မြေနေရာများ၌ ရာသီဥတုအရ၊ မြေအခြေအနေအရ သင့်လျော်ကိုက်ညီသည့် သီးထပ် သီးနှံများကိုလည်း စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း။

စက်မှုကုန်ကြမ်း သီးနှံများ ဖြစ်သည့် ဝါ၊ ကြံနှင့် ကော်ဖီသီးနှံများ အထွက်နှုန်း တိုးတက်အောင် ထုတ်လုပ်နိုင်ရန်လို

        စက်မှုကုန်ကြမ်းသီးနှံ နှင့်ပတ်သက်၍ ဝါစိုက်ပျိုးရေးဆောင်ရွက်ရာတွင် ပန်းတိုင် အထွက် နှုန်းများအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တစ်ဧက သတ်မှတ်အထွက်နှုန်း ပိဿာ ၁၀၀၀ ထွက်ရှိမည်ဆိုပါက ဝါဂွမ်း ပိဿာ ၃၅၀ ၊ ဝါစေ့ ဆီ ၅၂ ဒသမ ၅ ပိဿာ၊ ဝါစေ့ဆီချေး ၁၇ ဒသမ ၅ ပိဿာ၊ လင်တာဂွမ်း(အမျှင်တို) ပိဿာ ၄၀ ၊ ဝါစေ့ကြိတ်ဖတ် ၅၄၀ ပိဿာ၊ ချည်ပိဿာချိန် ၁၀၀၈ ပေါင်ထွက်ရှိမည် ဖြစ်သဖြင့် ချည်ပိတ် ၃၉၁၆ ကိုက်ထွက်ရှိမည်သည်ဟုသိရကြောင်း၊ ဝါစိုက်ဧက ၅ သိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ် ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေသန်း ၅၀ နှင့် တွက်ချက်ကြည့်ပါက လူတစ်ဦးတစ်နှစ်လျှင် ချည်ပိတ်ကိုက် ၄၀ ခန့်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ ပိဿာချိန် ၇၀၀ ထွက်ရှိမည် ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့်အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုး မှုကို ဧက ၅ သိန်းစိုက်ပျိုးပြီး သတ်မှတ် ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း ချည် သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုကို ဝန်ကြီးဌာနများအနေဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း။

        ပြည်တွင်းမှထွက်ရှိသည့် ချည်များကို အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်  ခြင်းကြောင့် ချည်ထည်လုပ်ငန်းများဖြင့် CMP လုပ်ငန်းနှင့် MSME လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ ချည်ထည်များကို တန်ဖိုးမြှင့်ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များကိုပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုး မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော်ကို တာဝန်ပေး ဆောင်ရွက်စေလျက်ရှိကြောင်း။

        ကြံစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိပျမ်းမျှအထွက်နှုန်းမှာ ၂၆ တန်ခန့်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကြံနှင့်ပတ်သက်၍ လက်ရှိအထွက်နှုန်းအတိုင်း တွက်ချက် မည်ဆိုပါက ပြည်တွင်းဖူလုံမှုမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၁၂ ရာခိုင်နှုန်းရှိကြောင်း၊ တန် ၃၀ နှုန်းဖြင့်တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကြံစိုက်ပျိုးမှုကို စိုက်ဧကတိုးချဲ့ရန်မလိုဘဲ အထွက်နှုန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မီစိုက်ပျိုးနိုင်ရေး၊ ကြံအထွက်နှုန်းများ တိုးတက်စေရေးနှင့် သကြားထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက်လည်း ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကြံစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်တွင်းသကြား လုံလောက်ရုံသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ နိုင်မည်ဖြစ် ကြောင်း။

        ကော်ဖီသီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်တပ်မတော်အစိုးရလက်ထက် မှစ၍ ကော်ဖီစိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့သော်လည်း လက်တွေ့ လုပ်ဆောင်ရာ၌ လိုက်ပါလုပ်ဆောင်မှုအားနည်းခဲ့၍ အောင်မြင်မှုနည်းပါးခဲ့ကြောင်း၊ ကော်ဖီ စိုက်ပျိုးရန်ခွင့်ပြုထားသည့် မြေများကို အခြားနည်းများဖြင့်သုံးစွဲနေကြခြင်းနှင့် သတ်မှတ်ထားသည့်အတိုင်း စိုက်ပျိုးခြင်း မပြုခြင်းများကြောင့်ဖြစ်သည်ကို တွေ့ရှိရသဖြင့် မိမိတို့အနေဖြင့် ကော်ဖီများ စနစ်တကျစိုက်ပျိုးစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီထွက်ကုန်များသည် ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှု ရှိသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိသဖြင့် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီပို့ ကုန်များကို များစွာမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစ၍ ကော်ဖီ စိုက်ပျိုးရေးစီမံကိန်းများကို စတင်ဆောင်ရွက်သွား မည်ဆိုပါ က နောင်ကာလများတွင် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင်ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပတ်သက်၍လည်း အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း။

နို့ထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများ အားပေး ဆောင်ရွက်

        မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ နွားမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရေခံမြေခံ နှင့် တိရစ္ဆာန်အစာများ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် နည်းပညာ အားဖြင့်မမြင့်မားသော နို့ထွက်ပစ္စည်းများဖြစ်သည့် နို့ဆီနှင့်နို့စိမ်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နွားနို့သာမက ကျွဲနို့ကိုလည်း နို့ထွက်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို သမဝါ ယမအသင်းများ ဖွဲ့စည်း၍ မွေးမြူနိုင်ရေး ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေများ တိုးတက်လာပြီး နိုင်ငံ့စီးပွားတိုးတက်ပြောင်းလဲလာမည်

        မိမိတို့အနေဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံခြားငွေများကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပြည်သူ တစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားများ တိုးတက်လာမည် ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး များစွာ ပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး အမြဲမပြတ် တိုက်တွန်း ပြောကြားနေခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း တက်ရောက် လာကြသူများအနေဖြင့် နိုင်ငံ့အကျိုးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်စေရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေး

        ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုနှင့် ပြည်တွင်းဆီ ဖူလုံမှုအခြေအနေများ၊ ပြည်တွင်းဆီဖူလုံမှု တိုးမြှင့်နိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် လျာထားချက်များအတိုင်း ထွက်ရှိလာမည် ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည့်အခြေအနေများ၊ စိုက်ပျိုးထွက်ရှိလာသည့် ဆီထွက်သီးနှံများမှ ဆီများထုတ်လုပ်နိုင်ရေး ဆီကြိတ် စက်ရုံများ တည်ဆောက်ရန် လျာထားမှု၊ ဝါစိုက်ပျိုးမှု၊ ထွက်ရှိမှုနှင့် ပြည်တွင်း ချည်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ဝါစေ့မှ ဆီထုတ်လုပ်၍ တိရစ္ဆာန်အစာများထုတ်လုပ်နိုင်မှု၊  ဝါစိုက်ပျိုးမှုတိုးချဲ့နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စိုက်ဧကများအမှန်အတိုင်းကောက် ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် ပူးပေါင်းသုတေသနပြု စမ်းသပ်စိုက်ပျိုး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကော်ဖီစိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မှု၊ ကြံများစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ဂျုံစိုက်ပျိုးမှုများ တိုးတက်ရေး ဆောင်ရွက်နေမှု၊ နို့စားနွားများမွေးမြူ၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နို့စားနွားများသာမက ဒေသနွားနှင့် ကျွဲများမှလည်း နို့များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ် လုပ်နိုင်ရေးအတွက် နို့စားနွားများတိုးမြှင့်မွေးမြူ ရန်လိုအပ်မှု အခြေအနေများကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးခဲ့မှု၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများအတွက် သွင်းအားစု လိုအပ်ချက်များရရှိရေး ဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းချည်ထည်များ ထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်း ချည်လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ချည်ထည်များ ထုတ်လုပ်ခြင်းကို MSME လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မှု၊ သကြားစက်ရုံများ လည်ပတ်ထုတ်လုပ်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် ဆီထွက် သီးနှံများ၊ ကော်ဖီထွက်ကုန်များ၊ ကြံထွက်ပစ္စည်းများ၊ ရာဘာ ထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ခဲ့မှု၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ၊ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ၊ ပိုးသတ်ဆေးများ တင်သွင်းခဲ့မှုအခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်အလိုက် ကြိုတင်လျာထား ဆောင်ရွက် သင့်သည့်အခြေအနေများ၊ အရည်အသွေးမီ နေကြာဆီများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သကြား စက်ရုံများအလိုက် ကြံစိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် ကြံမျိုးများအလိုက် သကြားထုတ်လုပ်နိုင်မှု အထွက်နှုန်းများနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်၍ နို့ထွက်ပစ္စည်းများနှင့် အသား၊ ငါးများ ထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က ကြံစိုက်ပျိုးရေးလုပ်ငန်းများနှင့် သကြား ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်းရှင်းလင်းတင်ပြသည်။

        ၎င်းနောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုး ရေများလုံလောက်စွာရရှိရေး မြစ်ရေတင်လုပ်ငန်းများ၊ ချောင်းပိတ်ဆည်များ၊ စက်ရေ တွင်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး

        တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧကအမှန်အတိုင်း စိုက်ပျိုးရန်လိုကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့် ဧကအမှန်အတိုင်း တင်ပြနိုင်ရန်လိုပြီး မည်သည့်ရာသီ၊ မည်သည့်သီးနှံများ စိုက်ပျိုးသည်ဖြစ်စေ စိုက်ဧကများအတိုင်း အပြည့်အဝ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများကို စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များဖြင့် နည်းစနစ်တကျ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊  ထွက်ရှိသည့် ကြံများမှ သကြားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စက်ရုံများ၏ထုတ်လုပ် နိုင်မှုစက်စွမ်းအားများကို ပြန်လည်စစ်ဆေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြံစိုက်ဧကများကို တိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းချည်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့် နိုင်ရန်လိုသကဲ့သို့ ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) များဖြင့်‌ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ တိုးတက်လာ မည်ဖြစ်သဖြင့်အမျိုးသားရေးအဖြစ် ဆောင်ရွက်စေလိုကြောင်း၊ နွားမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများ၌ ယခင်ကကဲ့သို့ ပြန်လည် တိုးတက်မွေးမြူရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မွေးမြူသူများအတွက် လက်လှမ်းမီသော ဈေးကွက် ဖန်တီးပေးရန်လိုကြောင်း၊ အိမ်၊ ကျေးရွာ အလိုက် နွားနို့စုဆောင်းရန်နေရာ (Milk Collection Center) များပြုလုပ်၍ ဝယ်ယူ ပေးရန်လိုကြောင်း၊ ၎င်းမှ ၂၄ နာရီအတွင်း နို့ချက်စက်ရုံသို့ ပို့ပေးနိုင်ရန်လိုကြောင်း၊ သွင်းကုန်ပစ္စည်းများကို တင်သွင်းရာတွင် ပြည်တွင်း၌ ထုတ်လုပ်၍ရနိုင်သည့် ပစ္စည်း များကို တင်သွင်းခြင်းထက် နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် ပစ္စည်းများကို သာတင်သွင်း ရန်လိုကြောင်း။

        ပြည်တွင်း နို့ထွက်ပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး နို့စားနွား မွေးမြူခြင်းများကို တိုးချဲ့မွေးမြူရန်လိုကြောင်း၊ နို့ဆီ၊ နို့စိမ်း၊ အသင့်သောက်နွားနို့မှစ၍ နို့ထွက်ပစ္စည်းများအား အဆင့်မြင့် ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နို့ထွက်ပစ္စည်း စက်ရုံများ တည်ဆောက်လည်ပတ်နိုင်ရန် တိုင်းရင်းသား လုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့်စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ မိုးစပါစး ၁၄ သန်းကျော် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ကောက်ရိုးများအား တိရစ္ဆာန်အစာများ ပြုလုပ်နိုင်သကဲ့သို့ ပျော့ဖတ် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သဖြင့် အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုကြောင်း၊ ပြောင်းစိုက်ပျိုးရေး၌လည်း အလားတူပင်ဖြစ်ကြောင်း၊ လယ်ယာထွက် ကောက်ရိုး ပင်စည်ပျော့တို့မှ သဘာဝ မြေဩဇာ၊ ထင်းအစားထိုးလောင်စာ၊ တိရစ္ဆာန် အစာ၊ ကမ္ဘာ၌လိုအပ်ချက်မြင့်မားသော ပျော့ဖတ်တို့ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးမှာကြားသည်။

ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်ကြရန်လို

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးဆောင်ရွက်မှုများသည် များစွာ အကျိုးရှိကြောင်း၊ ဆွေးနွေးခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး တို့ကို အမျိုးသားရေး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်သွားရန် လိုကြောင်း၊ စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည့်အချိန်အထိ အဆင့်ဆင့် ထွက်ရှိလာသည်များသည် နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် ထုတ်လုပ်မှုများအတွက် တန်ဖိုးများမြင့်တက်လာမည် ဖြစ်ကြောင်း၊  စိုက်ပျိုးသည်မှသည် ကုန်ချောထွက်ရှိသည်အထိ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်စားသုံးမှု ကွင်းဆက်(Supply Chain) တစ်ခုလုံး၌ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုများ များစွာဆက်စပ် တိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုများအတွက် အလေးထားဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် ပညာ ရှင်များမွေးထုတ်ပေးရာတွင် ဒီပလိုမာအဆင့်မှ ဘွဲ့ကြို၊ ဘွဲ့လွန်အထိမွေးထုတ် ပေးနိုင်ရေး ကျောင်းများ တိုးချဲ့ပေးရန်လိုကြောင်း၊ မွေးမြူရေး ဒီပလိုမာပညာရှင်များ မွေးထုတ် ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ မြန်ဆန်စွာဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများ အချင်းချင်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယနေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရလဒ်များ ကောင်းမွန်သည်ကို တွေ့ရှိရပြီး ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။