ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကား ပြောကြား

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကား ပြောကြား

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်  ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်   အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းင်းပြဋ္ဌာန်းခဲ့သည့် ဥပဒေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီလ ၁၀  ရက်စွဲပါ   အမိန့်ကြော်ငြာစာအမှတ်၊   ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ထိုသို့အာဏာတည်သည့်   အမိန့်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ ဖေဖော်ဝါရီလ ၁၄  ရက်တွင် နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို     အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ အနေနှင့် ခရိုင်၊ မြို့နယ် အဖွဲ့များကို ဆက်လက်ဖွဲ့စည်း သွားရမည် ဖြစ်ပြီး ဖွဲ့စည်းမှုပြီးပါက မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့သည် စစ်မှု ထမ်းဆောင်ရမည့် အရွယ်ရောက်သူနိုင်ငံသားတိုင်းအား ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိထားသူများအား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေးစစ်ဆေးခြင်း ဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အတွက် ဆင့်ခေါ်ခြင်းခံရသူ၏  လျှောက်လွှာအပေါ် စိစစ်ချက်နှင့် တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထားမှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့သို့ ဆက်လက်တင်ပြပြီး ၎င်းမှတစ်ဆင့် ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြ ရမည်ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေကို  အခန်း(၈)ခန်းနှင့် ပုဒ်မ(၃၃)ခုဖြင့် ပြဋ္ဌာန်းထားပြီး၎င်းင်း ပြဋ္ဌာန်းချက်များမှ အရေးကြီးသော အချက်များကို  ထုတ်နုတ်ရှင်းလင်း လိုပါကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင်  အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၂၇)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက် (၄၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင် သူ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရ သတ်မှတ်ထားပါကြောင်း။

စစ်မှုထမ်းရန်ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော် စက်မှုလက်မှု ပညာသည်များ အဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှု ထမ်းရန် ဖြစ်ပါကြောင်း၊  နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း    သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက် ရရှိထားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊  အခြားပြုစုစောင့်ရှောက်မည့်သူများ မရှိသော မိအို၊ ဖအို များကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ် ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်မည် ဖြစ်ပါကြောင်း၊  ယာယီရွှေ့ဆိုင်းထားသူများအတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ် ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန် ကာလကိုပြည့်မီအောင် ပြန်လည်ထမ်းဆောင် ရမည်ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့် ပတ်သက်၍    သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ အပြင် အိမ်ထောင်ပျက်သော်လည်း သား သမီးရှိသူ အမျိုးသမီးလည်း ပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်မလျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ အနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့နှင့်  မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များဖွဲ့စည်းမှုကိုလည်း အမြန်လျာထား တင်ပြရန်လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် နည်းဥပဒေ(မူကြမ်း)တို့ကိုလည်း ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင်ဖြစ်စေ၊ သီးခြားဖြစ်စေ အကြံပြုချက်များ၊ ဖြည့်စွက်သင့်သည့် အချက်များကို တင်ပြပေးစေလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်း ကျင့်သုံးသည့်နိုင်ငံအချို့၏ ဖွဲ့စည်းဆောင် ရွက်မှုများကိုလည်း လေ့လာနိုင်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။

လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်နိုင်သည့်လူဦးရေမှာ (၁၃) သန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ခေါ်ယူမည် မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ် အလိုက်၊ လူဦးရေပေါ် မူတည်၍ အချိုး အစားအလိုက်    ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်း တစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာ တစ်ခုမှ အများဆုံးပါဝင်နိုင်မည့် အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည် မဟုတ်ကြောင်း၊ အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရမည့် အရေအတွက်မှာ ၁ ရာခိုင်နှုန်းအောက်ပင် ရှိပါကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်  Time Frame အတွင်း အချိန်မီ ပြီးစီးနိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်း အဖွဲ့များကိုလည်း  ဖွဲ့စည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊  ဥပမာအားဖြင့် တပ်မတော်ဆေးစစ်ရေး ဘုတ်အဖွဲ့၊ အုပ်ချုပ်-ထောက်ပံ့မှု ဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စစ်မှုထမ်းမည့်သူများအား စိစစ်ရေး လုပ်ငန်းအဖွဲ့၊ စာရင်းဇယားများ မှတ်ပုံတင်ရေး လုပ်ငန်းအဖွဲ့၊ သင်တန်းဖွင့်လှစ်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင် ပြန်လည်နေရာချထားရေး လုပ်ငန်းအဖွဲ့စသည်ဖြင့် ဖွဲ့စည်းရန်ဖြစ်ပါကြောင်း။

ထို့ကြောင့်အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် စာရင်းဇယားများ မှန်ကန်တိကျစွာ စနစ်တကျဖြစ်စေရေးအတွက် စတင်ဆောင်ရွက်စဉ်ကပင် အလေးထား စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ Implementation Plan   ကို  အကောင်အထည်ဖော်ရန်အတွက် ကွန်ပျူတာစနစ် တစ်ခုရေးဆွဲပြီး   ရှိပြီးသားစနစ်များနှင့် ချိတ်ဆက်စီမံဆောင်ရွက်ရန်     လိုအပ်ပါကြောင်း၊  သို့မှသာ  ပိုမိုထိရောက်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ မျှတသောစစ်မှု ထမ်းစနစ် ထွက်ပေါ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။    တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ လူထု ကျယ်ကျယ်ပြန့်ပြန့် သတင်းအမှန်ကို အမြန်သိစေနိုင်ရေး အတွက်လည်း Social Media  အပါအဝင်  နည်းလမ်းမျိုးစုံသုံး၍   အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံ  အဆောက်အဦများဖြစ်သည့် လေ့ကျင့်ရေးကွင်းများ၊   သင်တန်းသား အိပ်ဆောင်များ၊ ရေ၊ မီး၊ မိလ္လာ၊ သယ်ယူပို့ဆောင်ရေး စသည့် ကိစ္စရပ်များကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် သတ်မှတ်  Time Frame အတွင်းဝင်ရန် အစီအမံချမှတ်၍    ရေးဆွဲရန်လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အတွက်လည်း စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်သည့် သတင်းမှား ဝေဖန်ပြောဆိုချက်များအား  နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ပြည်သူလူထု သတင်းမှန်များ သိရှိနိုင်ရေး  တုံ့ပြန်ဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်းခြင်း လုပ်ငန်းစဉ်များအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းများ  စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလ   အပိုင်းအခြားအလိုက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး အဖွဲ့များအလိုက် ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ရမည့်   အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး  ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများက ပြည်သူ့စစ်မှုထမ်း ဥပဒေအရ  ပြည်သူများ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ၊ SOP  ရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်သင့်သည့် အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကြံပြုရှင်းလင်း တင်ပြကြသည်။

    ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့်    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များဖွဲ့စည်း၍ ကဏ္ဍအလိုက် လုပ်ငန်း တာဝန်များ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို  အကြံပြုဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း Time Frame နှင့်  Guide Line  များကို ချထားပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ/တိုင်းအလိုက် အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ထား သော အချိန်ကာလအတွင်း ပြီးမြောက်အောင် မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ကြရန်လည်းလိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည့် ကိစ္စရပ်များ ရှိလာနိုင်သည့်အတွက် ကြိုတင်တွက်ချက်ထားရန်   လိုအပ်ကြောင်း၊ သတင်းထုတ်ပြန်မှု အပိုင်းများတွင်လည်း ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး တယ်လီဖုန်းအော်ပရေတာများ မှတစ်ဆင့် မက်ဆေ့ချ်များ ပေးပို့ဆောင်ရွက်နိုင်ကြောင်း၊   ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည်   မိမိတို့ လက်ကိုင်ထား ဆောင်ရွက်ရမည့် Guide Line ဖြစ်ကြောင်း၊ ပိုမိုအသေးစိတ် ဆောင်ရွက်ရမည့် နည်းဥပဒေကိုလည်း ဆက်လက် ထုတ်ပြန်နိုင်ရေး ဗဟိုအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများ၊ တပ်မတော်နှင့် ဆက်စပ် ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးကြပါရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ပြည်သူ့စစ်မှုထမ်း ဥပဒေများကိုလည်း လေ့လာပြီး   မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန်  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။