ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကျင်းပ

 

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်  တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ    အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက “ပဋိပက္ခအတွင်း    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်   အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူများ လက်လှမ်းမီသိရှိရေး အသိပညာပေးခြင်း စီစဉ်ဆောင်ရွက်ရန်”ဆိုသည့် လုပ်ငန်းတာဝန် တစ်ခုပါဝင်သည်နှင့်အညီ ပြည်သူများ သိရှိနားလည်ပြီး    တိုင်ကြားနိုင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို  ယခုထက်ပိုမို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီး ကော်မတီများ၏ လုပ်ငန်းတာဝန်များတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ရေး (Conflict Related Sexual Violence-CRSV) လုပ်ငန်းတာဝန်ကို   ထည့်သွင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ပဋိပက္ခအတွင်း   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားကို ပြည်သူများသိရှိစေရန် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ကြောင်း၊   ဒုတိယသက်တမ်း၏ ဒုတိယခြောက်လပတ် ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးသို့ အစီရင်ခံ တင်ပြရေးအတွက် ရေးသားပြုစုလျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် ရေးသားထားရှိသည့် အစီရင်ခံစာအပေါ် လိုအပ်သည်များ   ပြင်ဆင်ဖြည့်စွက် အတည်ပြုရေး ပြောကြားသည်။

ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုများ၊ ၁၅-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့်လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက ဒုတိယခြောက်ပတ် အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။