တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများနှင့် မြေသယ်ယာဉ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများနှင့် မြေသယ်ယာဉ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၊ အကျဲကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် မြေသယ်ယာဉ် Hight Way Dump Truck (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး၌ မော်တော်ယာဉ်(၂)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်ထက် တံဆိပ်ပါဆန်အိတ် (၁၀၅)အိတ်၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck (၁)စီးနှင့် JAC Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)တို့ကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မိုးကောင်းမြို့နယ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် (၁၁၂၅  ဒသမ ၆)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၅၆၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရလည်းကောင်း  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၉၅၂၅၆၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အရှေ့ဒဂုံမြို့နယ်၊ မြေတိုင်း(၃)လမ်း၊ ၁၃ ရပ်ကွက်ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Spy Wine (၈၄၀)ပုလင်း၊ Maximus Beer (၇၂၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၄)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် MAC GARDEN Non-Dairy Cream (၅၂၉၉၂)ကီလိုဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၅၃၉၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊   ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌    လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖြစ်သည့်   Toyota Pajero (၁)စီးနှင့် Nissan X Trail (၁)စီး စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၃၅၈)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၆၄၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၀၅၆၆၈၅၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။