တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ကံလှကျေးရွာ ရေအေးချောင်းတံတားအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောက်ဒဂုံမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းထောင့်၌ လိုင်စင်မဲ့  Honda Fit မော်တော်ယာဉ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)နှင့် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းနှင့် မစိုးရိမ်လမ်းသွယ်ကြား၌ လိုင်စင်မဲ့ Honda CRV မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ္တလင်းခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၉ ဒသမ ၃၈၈)တန်၊ သစ်မာ(သုည ဒသမ ၆၄၆) တန်နှင့် အခြားသစ်(သုည ဒသမ ၈၃၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၈၀၉၅၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ    တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Vaseline Lotion  ဘူး (၁၆၈၀)၊ Bo Bo ကြက်သားလုံး ကီလိုဂရမ် (၅၂၀) အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၁၇၄၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Bus (၁)စီးနှင့် Sunlong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို လည်းကောင်း၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy  ပဲနို့ဘူး ၁၁၄၀၀၊ Siam Food Butter Cracker ဘူး ၈၄၀  အပါအဝင် ကုန်ပစ္စည်း ၁၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁)စီးနှင့့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၅၉၄၉၅၄) ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄)မှု၊  (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၈၀၉၄၉၅၄) ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။