အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ သို့မဟုတ် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြုအာဆီယံ  -           အပိုင်း(၂)

 

 

အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ သို့မဟုတ် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြုအာဆီယံ  -           အပိုင်း(၂)

 

ယမန်နေ့မှအဆက် 

    (ဂ) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အဓိကမောင်းနှင်သူအနေဖြင့်    လွှမ်းမိုးဆောင်ရွက်နိုင်ရေးနှင့်   အာဆီယံ၏ ပေါင်းစည်းစွမ်းအား မြှင့်တင်နိုင်ရေးအတွက်  ကမ္ဘာလုံးဆိုင်ရာ  ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုများ အားကောင်းစေခြင်း၊  အာဆီယံဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုမြှင့်တင်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော၊ ပေါင်းစည်းစွမ်းအား မြင့်မားသော တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုဗဟိုဌာန။ တက်ကြွပြီး စွမ်းဆောင်ရည်မြင့်မားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖြင့် အာဆီယံအား အင်ဒို-ပစိဖိတ်ဒေသအတွင်း ကုန်ထုတ်လုပ်မှုနှင့် စက်မှုဗဟိုဌာနအဖြစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

   (ဃ) စီးပွားရေး ပေါင်းစည်းမှု အစီအစဉ်ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် သာယာဝပြောသည့် ဂေဟစနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက်   တီထွင်ဖန်တီးနိုင်မှု အားကောင်းသော စီးပွားရေးဝန်းကျင်နှင့် အဆင့်မြင့်စက်မှုလုပ်ငန်းများ အပါအဝင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေမည့် အရင်းအမြစ်အသစ်များ တည်ရှိသော၊ သိပ္ပံနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက် နိုင်စွမ်းရှိသော၊ အကောင်းဆုံးသော စီးပွားရေးလုပ်ငန်းများ စုစည်းတည်ရှိသော   ဗဟိုဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (င) ပွင့်လင်းမြင်သာမှုရှိသော၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်သော၊ လျင်မြန်စွာ၊ လုံခြုံစိတ်ချစွာနှင့် ယုံကြည်စွာ ဆောင်ရွက်နိုင်သည့်  ဒစ်ဂျစ်တယ်ဂေဟစနစ် ရှိသော၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု အလားအလာများကို ဖော်ဆောင်ပေးနိုင်သော နည်းပညာမြင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းများဖြင့် အာဆီယံနှင့် အာဆီယံ ပြည်သူများကို အကျိုးဖြစ်ထွန်းမှု အများဆုံး ဖော်ဆောင်ပေးနိုင်သော ဒစ်ဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ဦးဆောင်နိုင်စွမ်းနှင့်    ချိတ်ဆက်နိုင်စွမ်းမြင့်မားသော အသိုက်အဝန်းတစ်ခု အဖြစ် ထူထောင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊

    (စ)  အသိပညာ ဗဟုသုတများ  မျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊    ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းနှင့် တီထွင်ဆန်းသစ်မှု အားကောင်းစေခြင်း အပါအဝင် သက်ဆိုင်သူအားလုံး အကျိုးဖြစ်ထွန်းစေခြင်းဖြင့် အာဆီယံ၏ အချက်အချာကျမှုကို  ထိန်းသိမ်းနိုင်သော ပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် သဘောတူညီချက်များကို အခြေပြု၍ပြင်ပမိတ်ဖက်များနှင့် ပိုမိုခိုင်မာ အားကောင်းသော၊ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေသော စီးပွားရေးချိတ်ဆက်မှုများ ဆောင်ရွက်နိုင်သည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

  (ဆ) တန်ဖိုးမြင့်ကုန်စည်များ  ထုတ်လုပ်နိုင်မှု ပမာဏတိုးတက်လာစေရန်နှင့် ပိုမိုထိရောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းရရှိနိုင်မှု သေချာစေရေးအပါအဝင် ကုန်ကြမ်းမှသည် ကုန်ချောအထိ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက် လွယ်ကူချောမွေ့စေခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်၏ အဓိကကျသော အစိတ်အပိုင်းတွင် ပါဝင်လျက်ရှိသော အသိုက်အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ဇ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးမှုများအတွက်  ဘဏ္ဍာငွေ ပံ့ပိုးပေးနိုင်မှု မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ပါးစေခြင်းနှင့် ပြင်ပသက်ရောက်မှုများကြောင့် ဒေသတွင်းထိခိုက်နိုင်မှုကို လျော့ပါးစေရေး အတွက် နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုများအတွက် ဒေသတွင်း ငွေကြေးများကို  သုံးစွဲမှုမြှင့်တင်ခြင်း အပါအဝင် စီးပွားရေးအရဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ  ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ထားသည့် အသိုက်အဝန်းတစ်ခု  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု (Economic, SocioCultural)

စီးပွားရေး၊   လူမှု-ယဉ်ကျေးမှုနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်းဖော်ပြပါဝင်ပါသည်-

      ဒေသတွင်း၌ အစိမ်းရောင်စီးပွားရေးနှင့် အဏ္ဏဝါ စီးပွားရေးလုပ်ငန်းများ ထွန်းကားစေရေး ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ မြေနှင့်ရေအရင်းအမြစ်များအား ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးစေခြင်း၊ ရာသီဥတုဆိုင်ရာ တုံ့ပြန်နိုင်မှု မြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့ စေရေးတို့တွင် အာဆီယံ၏ ရပ်တည်ချက်ကို အားကောင်းစေခြင်းမှ တစ်ဆင့် စိမ်းလန်းသော အာဆီယံဖြစ်စေရေးပင်ဖြစ်သည်။

လူမှု-ယဉ်ကျေးမှု (Socio-Cultural)

လူမှု-ယဉ်ကျေးမှုနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

   (က)  အာဆီယံ၏ သွင်ပြင်လက္ခဏာနှင့် ပြယုဂ်နှင့်အတူ ပြည်သူများ၊  ကုန်စည်များ၊ ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းနိုင်သော၊ ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကိုအလေးထားသော   အသိုက်အဝန်း        တစ်ခုဖြစ်ပေါ်စေရန်  ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ခ)  ထိခိုက်လွယ်သော အုပ်စုများအပါအဝင် မည်သူမျှချန်လှပ်ထားခြင်း မရှိဘဲ သာယာဝပြောမှုကို အတူတကွ မျှဝေခံစားနိုင်သော၊ အားလုံးပါဝင်နိုင်သော၊   ပူးပေါင်း လုပ်ဆောင်နိုင်သော၊  ရေရှည်တည်တံ့သော၊ အာဆီယံအဖွဲ့ဝင် ပြည်သူများအကြား  စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်သော၊  ပြည်သူများအတွက် အရည်အသွေးရှိသည့် လူမှုဘဝနေထိုင်မှုကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေး အလေးထားသော အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ဂ) ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် မြန်ဆန်စွာ သင်ယူနိုင်သည့် ဝန်းကျင်တစ်ခု ဖော်ဆောင်ကာ ဘက်စုံလွှမ်းခြုံနိုင်သော၊ အားလုံးပါဝင်နိုင်သော၊ သင်ကြားမှုပုံစံ အသစ်များမှတစ်ဆင့် အာဆီယံကိုဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ    ဗဟိုဌာနအဖြစ် ဖော်ဆောင်နိုင်ရန်နှင့် အရည်အသွေးမြင့်မားသည့် အလုပ်အကိုင်များနှင့် အခြားသော အလုပ်အကိုင်များ ဖော်ဆောင်ပေးရန်အပါအဝင် လူသားအရင်းအမြစ်များ ပေါများသည့် အာဆီယံ၏ အားသာချက်များကို အပြည့်အဝ ထိရောက်စွာ အသုံးပြုနိုင်သော အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ဃ) သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်သော၊ လူကြီးလူငယ်မရွေး ကျန်းမာသန်စွမ်းသော၊ ဘက်စုံလွှမ်းခြုံသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ရှိခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများ ((CommunicableDiseases) နှင့် မကူးစက်နိုင်သော ရောဂါများ(Non-Communi cable Diseases) တို့မှ ဘေးကင်းလုံခြုံသော၊ ပြည့်စုံကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို  ရယူနိုင်သော ကျန်းမာကြံ့ခိုင်သည့် အာဆီယံပြည်သူများဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (င) အာဆီယံရေရှည် တည်တံ့စေရေး အစီအစဉ်နှင့်အညီ   အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ပြည်သူများ၏ ခံနိုင်ရည်စွမ်းအားများ မြှင့်တင်ပေးခြင်းနှင့် လူသားလုံခြုံမှု (Human Security) မြှင့်တင်နိုင်ခြင်းမှ တစ်ဆင့် အာဆီယံပြည်သူများအားလုံး၏ လူမှုဘဝအခြေအနေများကို    အလေးထား ဆောင်ရွက်ပေးသော  အသိုက်အဝန်းတစ်ခုဖြစ်စေရန် ဆောင်ရွက်သွားရန် ရှိပါသည်၊

    (စ) ဒေသတွင်းနှင့် ကမ္ဘာ့အရေးကိစ္စများ အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ လိုလားချက်များကို အာဆီယံ၏ ဘုံဝိသေသ လက္ခဏာများဖြစ်သော လိုက်လျောညီထွေစွာနှင့် တုံ့ပြန်နိုင်စွမ်းမြင့်မားစွာ  ဆောင်ရွက်နိုင်မှုကို ထင်ဟပ်စေသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ဆ) အာဆီယံအသိုက်အဝန်း တည်ထောင်ရာတွင်    ထိရောက်စွာနှင့်အပြည့်အဝ ပါဝင်စေခြင်းဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော၊ဆုံး ဖြတ်ချက်များချမှတ်ရာတွင်   အမျိုးသမီးများအား အလေးထား ထည့်သွင်းဆုံးဖြတ်သည့် အသိုက်အဝန်း တစ်ခုဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ဇ) ယနေ့ခေတ်ကာလတွင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို  မြှင့်တင်ခြင်း၊ အာဆီယံ၏ ဝိသေသလက္ခဏာ၊ စံတန်ဖိုးနှင့် အရေးပါမှုကို မြှင့်တင်ဆောင်ရွက်ခြင်း နှင့် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်းအား ပိုမိုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ရာတွင် လူငယ်များမှ အကျိုးရှိထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်သော အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

     (ဈ)  အာဆီယံ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ အနုပညာနှင့်    ရိုးရာဓလေ့များကို တန်ဖိုးထားမြှင့်တင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစုများကို မြှင့်တင်ခြင်းနှင့် အာဆီယံ၏ အနှစ်သာရကို တန်ဖိုးထား ဂုဏ်ယူသော အသိုက်အဝန်းတစ်ခုဖြစ်စေရေး   ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ည) အာဆီယံအား ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ကျန်းမာကြံ့ခိုင်သော၊ ပညာရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သော အကောင်းဆုံးသော အားကစားဗဟိုဌာနအဖြစ် ပေါ်ထွန်းလာစေမည့် အားကစားများကို မြှင့်တင်ပေးသည့် အသိုက်အဝန်းတစ်ခု ဖြစ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပေါင်းစည်းဆက်နွှယ်မှု (Connectivity)

ပေါင်းစည်းဆက်နွှယ်မှုနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

    (က) ငွေကြေးလွှဲပြောင်း ပေးချေမှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦများ ချိတ်ဆက်ထားခြင်း၊ ဒစ်ဂျစ်တယ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ  စဉ်ဆက်မပြတ် ဆောင်ရွက်ထားခြင်း၊ ဆိုက်ဘာလုံခြုံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားခြင်း၊  စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန်စေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်ထိရောက် အားကောင်းစေရေး ဆောင်ရွက်ထားခြင်း၊  သတင်းအချက်အလက်များအား  ထိရောက်စွာနယ်စပ်ဖြတ်ကျော် စီးဆင်းနိုင်ခြင်း၊ ဒေသတွင်းရှိ ပြည်သူအချင်းချင်း အကြား ချိတ်ဆက်မှုအားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ တည်ဆောက်ထားခြင်း အပါအဝင် အာဆီယံနိုင်ငံနှစ်နိုင်ငံ အကြားဖြစ်စေ၊ အာဆီယံဒေသတွင်း နိုင်ငံများအကြားဖြစ်စေ ပေါင်းစည်းဆက်နွှယ်မှုများ မြှင့်တင်ထားခြင်းကြောင့်   ဘက်ပေါင်းစုံတွင် အလွယ်တကူချိတ်ဆက် ဆောင်ရွက်နိုင်သော အသိုက်အဝန်းတစ်ခု။ အာဆီယံအနေဖြင့် အခြားသော ဒေသခွဲနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များ အပါအဝင် အဓိကကျသည့် ချိတ်ဆက်မှုများကို   မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသတွင်း   ပေါင်းစည်းဆက်သွယ်မှု အားကောင်းစေရေး ဒေသတစ်ခုလုံး   ပူးပေါင်းဆောင်ရွက်သည့်

နည်းလမ်းကိုချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

    (ခ) အာဆီယံနိုင်ငံများရှိ မြို့များအား ရေရှည်တည်တံ့သည့်  မြို့တော်များနှင့် ခေတ်မီသည့် မြို့တော်များအဖြစ် အဆင့်မြှင့်တင်ခြင်း အပါအဝင် ခေတ်မီနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ကာ အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုများ ရရှိအောင် စီမံဆောင်ရွက်နိုင်စွမ်းရှိသည့် အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဖွဲ့အစည်းဆိုင်ရာ  အားကောင်းခိုင်မာစေခြင်း (Institutional Strengthening)

အာဆီယံအဖွဲ့အစည်းဆိုင်ရာ အားကောင်း ခိုင်မာစေခြင်းနှင့် စပ်လျဉ်း၍  အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

“အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံမှ လုံလောက်သော ဘဏ္ဍာငွေများ ပံ့ပိုးနိုင်သော၊ ကဏ္ဍအားလုံး၊ မဏ္ဍိုင်အားလုံးတွင်  ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက်   အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်သော၊ အနာဂတ်အတွက် အသင့်ဖြစ်နေသော၊ ရှင်းလင်းပြတ်သားသောဆုံးဖြတ်ချက်များ ချမှတ်နိုင်သော၊   တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း အားကောင်းသော၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်သော အာဆီယံ၏ အဖွဲ့အစည်းများ၊ ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့များနှင့် ယန္တရားများဖြင့် အဖွဲ့အစည်းဆိုင်ရာ ထိရောက်ထက်မြက်သော စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းဖြင့် အာဆီယံ၏ အချက်အချာကျမှုကို တည်တံ့စေသည့် အသိုက်အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

ကျွန်ုပ်တို့၏ ကတိပြုချက် (Our Commitment))

ကျွန်ုပ်တို့၏ကတိပြုချက်အဖြစ် အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

“အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပံ့ပိုးမှုနှင့်အတူ အာဆီယံလုပ်ငန်း   ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီများ၊ အာဆီယံပေါင်းစည်း ဆက်နွှယ်မှုညှိနှိုင်းရေး ကော်မတီများအား တာဝန်ပေးအပ်ခြင်းဖြင့်   တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော   ပြည်သူဗဟိုပြု အာဆီယံအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ချိတ်ဆက်ဆောင်ရွက်မှု၊ အဖွဲ့အစည်းဆိုင်ရာ အားကောင်းစေမှု စသည့်အာဆီယံ မျှော်မှန်းချက်ပါ ကတိကဝတ်များကို ထိရောက်စွာနှင့်အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို သဘောတူ ချမှတ်ကြပါသည်။”

သုံးသပ်ချက်များ

စာရေးသူအနေဖြင့် ၂၀၀၀ ပြည့်နှစ်ကတည်းက တာဝန်ယူဆောင်ရွက်ခဲ့ရသည့် ဌာနနှင့်နယ်ပယ်အသီးသီးအလိုက် အာဆီယံနှင့်ဆက်စပ် ပတ်သက်သမျှသော ခေါင်းစဉ်အသီးသီးတွင် အစည်းအဝေးများ၊ ဖိုရမ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါသည်။ အာဆီယံအဖွဲ့၏ ဖြစ်ပေါ်မှု၊ ကမ္ဘာ့ပထဝီနိုင်ငံရေး (Geo Politics)) နှင့်  ပထဝီစီးပွားရေး (Geo Economy)) ပြောင်းလဲမှု အလားအလာများအရ   အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက်   မျက်ခြည်မပြတ် ရှာဖွေလေ့လာကြိုးစား ဆောင်ရွက်ရန်   လိုအပ်မည်ဟု သုံးသပ်ပါသဖြင့် နောင်လာမည့်  နှစ် ၂၀ အတွင်း လိုက်ပါဆောင်ရွက်ကြရမည့် ဒေသတွင်း လမ်းပြမြေပုံအရ စာဖတ်ရှုသူများ ကြိုတင်လေ့လာ စဉ်းစားစီမံနိုင်ရန် အောက်ပါအတိုင်း သုံးသပ်ဖော်ပြအပ်ပါသည်-

ဆက်လက်ဖော်ပြပါမည်။