တရုတ်တို့ တီထွင်လိုက်တဲ့စစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ပလာစမာနည်းပညာ

 

တရုတ်တို့ တီထွင်လိုက်တဲ့စစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ပလာစမာနည်းပညာ

ယနေ့ခေတ်စစ်မြေပြင်များတွင် နည်းပညာက မရှိမဖြစ်အရေးပါသောနေရာမှ ပါဝင်လာပြီဖြစ်သည်။     အထူးသဖြင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတွင် ဖြစ်သည်။

နည်းပညာသာလွန်သူသည် စစ်ပွဲကိုအဆုံးအဖြတ်ပေးနိုင်သူအဖြစ်သို့ ရောက်ရှိလာသည်အထိ နည်းပညာက နေရာယူလာခြင်း ဖြစ်သည်။

စစ်မြေပြင်တစ်ခုတွင် မြေပြင်၊ ဝေဟင်၊ ရေပြင်၊ အာကာသ အားလုံးပါဝင်သည်။ စစ်လက်နက်ပစ္စည်း များကိုလည်း ထိုနေရာလေးခုစလုံးတွင် အသုံးပြုနေခြင်း ဖြစ်သည်။

အောက်တွင်  ဆက်လက်ဖတ်ရှုရမည့်ဆောင်းပါးက  လေယာဉ်များတွင် အသုံးပြုနိုင်သော  နည်းပညာအကြောင်း ဖြစ်သည့်အတွက် စစ်မြေပြင်တွင် ဝေဟင်စိုးမိုးနိုင်မှုက မည်မျှအထိအရေးပါသည်ကို    အနည်းအကျဉ်းတင်ပြလိုသည်။

ယခင်ကမြေပြင်တွင်သာ စစ်သည်များက အမျိုးမျိုးသော တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး အောင်ပွဲခံကြခြင်း ဖြစ်သည်။ ထိုအချိန်က စစ်ပွဲတွင်ပါဝင်သူ  နှစ်ဦးနှစ်ဖက်စလုံး၌ အသေအပျောက်များ  အလွန်များပြားသည်။

လေယာဉ်များကို   တီထွင်လာနိုင်ပြီးနောက် စစ်မြေပြင်များတွင်လေယာဉ်များကို အသုံးပြုလာကြသည်။    အထူးသဖြင့် လေယာဉ်များအသုံးပြု၍     ဝေဟင်မှဗုံးကြဲခြင်း၊ ရန်သူ့ပစ်မှတ်များကို စွမ်းအားနှိမ်ပစ်ခတ်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ထိုသို့   လေယာဉ်ကိုအသုံးပြုလာကြသည့်အတွက် ကိုယ့်ဘက်မှစစ်သည်များ အကျအဆုံး အနည်းဆုံးဖြင့် ရည်မှန်းချက်ကို သိမ်းယူလာနိုင်သည်။

တစ်ဖန် လေယာဉ်များအချင်းချင်းစီးချင်း ထိုးတိုက်ခိုက်ရာတွင် ရေဒါစွမ်းဆောင်ရည် ကောင်းမွန်သူက အသာစီးရလာပြန်သည်။

သို့သော် ရေဒါ၏ စွမ်းဆောင်ရည်မည်မျှပင်ကောင်းပါစေ၊  လေယာဉ်ကို ရေဒါက ဖမ်းယူနိုင်ခြင်း မရှိစေရန် လုပ်ဆောင်လာနိုင်သူနှင့် ကိုယ့်လက်တွင်းရှိလေယာဉ်ကို အကောင်းဆုံးအသုံးချနိုင်သူက တိုက်ပွဲအဆုံးအဖြတ်ကို ဖန်တီးပေးနိုင်သူဖြစ်လာသည်။

ထိုကဲ့သို့ ရေဒါကဖမ်းယူနိုင်ခြင်း မရှိသည့် လေယာဉ်များကို  ကိုယ်ပျောက်လေယာဉ်များဟုပင် တင်စားခေါ်ဝေါ်လာကြသည်။

တစ်ချိန်တည်းမှာပင်    ကိုယ်ပျောက်နည်းပညာများကလည်း   တစ်ဦးနှင့်တစ်ဦးသာလွန်စေရန် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများက ကြိုးပမ်းလာကြပြန်သည်။

ယခု တရုတ်နိုင်ငံအနောက်ပိုင်းမှ  သိပ္ပံပညာရှင်များက  မည်သည့်လေယာဉ်ကိုမဆို ရေဒါ၏ စောင့်ကြည့်ထောက်လှမ်းမှုမှ ကင်းလွတ်စေမည့် မျိုးဆက်သစ် ပလာစမာကိုယ်ပျောက်ပစ္စည်းတစ်မျိုးကို ဖန်တီးလိုက်နိုင်ပြီဟု ကြေညာလိုက်ပြီဖြစ်သည်။

ယခင်တုန်းက လေယာဉ်များကိုယ်ပျောက်စေရန် ပလာစမာထုကြီးတစ်ခုကို လေယာဉ်ကိုယ်ထည် တစ်ခုလုံးပေါ်၌  လွှမ်းခြုံလိုက်ခြင်းဖြစ်သည်။

ထိုလုပ်ဆောင်ချက်နှင့်မတူသော ယခုကိုယ်ပျောက်ပစ္စည်းမှာမူ  ရန်သူ၏ရေဒါဖမ်းယူမှု အများဆုံးဖြစ်နိုင်သော နေရာများဖြစ်သည့် ရေဒါခန်း၊ လေယာဉ်မောင်းခန်းနှင့် အခြားသောနေရာများတွင် အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်နိုင်စေမည့်အရာ ဖြစ်သည်။

အဆိုပါ    မျိုးဆက်သစ်ပလာစမာကိုယ်ပျောက်ပစ္စည်းတွင်    အားသာချက်များစွာရှိသည်။ ၎င်းအားသာချက်များမှာ တည်ဆောက်ပုံရိုးရှင်းခြင်း၊ အကွာအဝေးကို လိုအပ်သလိုချိန်ညှိနိုင်ခြင်းနှင့် ပလာစမာ ထုထည်အလွန်ထူခြင်းတို့ ဖြစ်သည်။

တရုတ်နိုင်ငံသည်  အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာနေသော   နိုင်ငံဖြစ်သည်။ ထိုနည်းတူ စစ်လက်နက်ပစ္စည်း စွမ်းရည်ပိုင်းတွင်လည်း   တိုးတက်မှုများရရှိအောင် လျင်မြန်စွာ လုပ်ဆောင်နေသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် ယခုနည်းပညာအသစ်သည် စစ်လက်နက်ပစ္စည်းများကို တိုးတက်မှုများရရှိအောင် လုပ်ဆောင် နေသည့်   တရုတ်တပ်မတော်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လာမည်ဟု  မျှော်လင့်ကြောင်း ထိုနည်းပညာကို  တီထွင်မှုတွင်ပါဝင်သည့် သိပ္ပံပညာရှင်တန်ချန်းကပြောသည်။

ပလာစမာဆိုသည်မှာ      လျှပ်စစ်ဓာတ်အားပေးထားသည့်  အမှုန်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး   သူမတူသော နည်းလမ်းဖြင့် လျှပ်စစ်သံလိုက်လှိုင်းများနှင့် အပြန်အလှန်ဓာတ်ပြုခြင်းဖြစ်သည်။

ရေဒါကထုတ်လွှတ်လိုက်သော လှိုင်းများကဲ့သို့ လျှပ်စစ်သံလိုက်လှိုင်းများသည် ပလာစမာနှင့်  အပြန်အလှန် ဓာတ်ပြုသောအခါ ထိုလှိုင်းများကြောင့်    အမှုန်များသည် လျင်မြန်စွာရွေ့လျားမှုနှင့်    အချင်းချင်း တိုက်မိမှုတို့ဖြစ်ပွားရသည်။

ထို့ကြောင့် လှိုင်းနှုန်းများ၏ စွမ်းအင်များသည် ကွယ်ပျောက်သွားရသည့်အပြင် အရာဝတ္ထုတစ်ခုကို ထိမှန်ပြီးနောက် ပြန်လည်ထွက်ပေါ်လာသည့်     ရောင်ပြန်ဟပ်မှု အတိုင်းအတာကိုလည်း သိသာစွာ လျော့ကျသွားရသည်။

အဆိုပါ   အပြန်အလှန်ဓာတ်ပြုမှုက လျှပ်စစ်သံလိုက်လှိုင်းများ၏ စွမ်းအင်ကို ဓာတ်အားပေးအမှုန်များ၏ စက်မှုစွမ်းအင် နှင့် အပူစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားစေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စွမ်းအင်များပြောင်းလဲသွားခြင်းက    လျှပ်စစ်သံလိုက်လှိုင်းများ၏ အားသက်ရောက်မှုကို  လျော့ကျစေကာ လှိုင်းများရောင်ပြန်ဟပ်မှုကို အားနည်းသွားစေသည်။

သို့အတွက်ကြောင့်    ကိုယ်ပျောက်လေယာဉ်အဖြစ်   ဒီဇိုင်းရေးဆွဲထားခြင်း မရှိသည့်     သမားရိုးကျ တိုက်ခိုက်ရေး လေယာဉ်သည်ပင်လျှင်       ပလာစမာကိုယ်ပျောက်ပစ္စည်းကို အသုံးပြုခြင်းအားဖြင့် ရေဒါလှိုင်းနှုန်း ပြန်ကန်ထွက်မှုကို   သိသိသာသာ လျော့ကျစေနိုင်သည်။

ထို့အတွက်     အဆိုပါပလာစမာကိုယ်ပျောက်ပစ္စည်းက ဝေဟင်တိုက်ပွဲများတွင်  အောင်ပွဲအဆုံးအဖြတ်ကို အလှည့်အပြောင်း ဖြစ်စေမည့်  ပစ္စည်းဖြစ်သည်ဟု ဆိုရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်ပေါ်တိုးတက်လာသည်အထိ အဆင့်မြင့်မားလာသော ပလာစမာကိုယ်ပျောက်နည်းပညာကို ခြေရာခံကြည့်လျှင်  စစ်အေးခေတ်ကာလက  စတင်လာသည်ကိုတွေ့ရမည်ဖြစ်သည်။

ထိုအချိန်က အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က အဆိုပါနည်းပညာအတွက်  ရှိသမျှ အရင်းအမြစ်များကို ပုံအောသုံးပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်     နည်းပညာပိုင်းဆိုင်ရာကန့်သတ်ချက်များ၊ အားနည်းချက်များကြောင့် အဆိုပါနည်းပညာသည် ဓာတ်ခွဲခန်းပြင်ပသို့ လက်တွေ့ထွက်ပေါ်လာနိုင်မှုမရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့ အဆင့်မြင့်လှပါသည်ဆိုသော ကိုယ်ပျောက်တိုက်လေယာဉ်များ ဖြစ်သည့် F-22 နှင့် F-35 ကဲ့သို့ လေယာဉ်များသည် ကိုယ်ပျောက်စွမ်းရည်ကို ရရှိနိုင်ရေးအတွက် ရေဒါလှိုင်းနှုန်းကို  စုပ်ယူသည့်ဆေးများ အထပ်ထပ်သုတ်ထားကာ ဒီဇိုင်းပိုင်းကိုလည်း ရေဒါလှိုင်းနှုန်းပြန်ကန်မှု မရှိစေရေးအတွက်   အတတ်နိုင်ဆုံးစဉ်းစားကာ တည်ဆောက်ထားခြင်းဖြစ်သည်။

ထို့အတွက်ကြောင့်   ၎င်းတို့၏အချို့သောစွမ်းဆောင်ရည်ပိုင်းတွင် အားနည်းမှုများကိုမြင်တွေ့ရခြင်းဖြစ်သည်။ ဥပမာ F-22 တွင် အနီးကပ်တိုက်ပွဲဆင်နွှဲရပါက ပြဿနာများရှိသလို  F-35 တွင်  အသံထက်မြန်သော အမြန်နှုန်းဖြင့် တစ်သမတ်တည်းမောင်းနှင်နိုင်ခြင်း မရှိပေ။

ယင်းကဲ့သို့သော အားနည်းချက်များရှိ နေသော်လည်း ဈေးနှုန်းပိုင်းတွင်မူ အလွန်တရာခေါင်ခိုက်လှသည်ဟု ဆိုရလောက်အောင်ပင် ဈေးနှုန်းမြင့်မားလှသည်။

အရင်တုန်းက ပလာစမာကိုယ်ပျောက်နည်းပညာကို အနောက်နိုင်ငံများသာမက တရုတ်နိုင်ငံသည်လည်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ပညာရှင်တော်တော်များများက ယုံကြည်ခဲ့ဖူးသည်။

ယခုတွင်မူ ၎င်းတို့ယုံကြည်ထားသကဲ့သို့မဟုတ်ဘဲ တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက လျှပ်စစ်သံလိုက် ထိန်းချုပ်မှု နည်းပညာကို ကောင်းကောင်းကြီး  အသုံးချလာနိုင်နေပြီဖြစ်သည်။

ပလာစမာနည်းပညာကို အသုံးပြုပါက ရောင်ပြန်ဟပ်ပြီး   ပြန်ထွက်သွားသည့် လှိုင်းနှုန်းများ၏ ကြိမ်နှုန်းကို ပြောင်းလဲစေ သောကြောင့် လေယာဉ်၏တည်နေရာနှင့် အမြန်နှုန်းတို့နှင့် ပတ်သက်၍ အချက်အလက်အမှား များကိုသာ  ရန်သူများကရရှိမည် ဖြစ်သည်။

ထို့ပြင် ပလာစမာသည် စွမ်းအင်အလွန်မြင့်မားသည့် မိုက်ခရိုဝေ့လက်နက်ကြီးများ၏ပစ်ခတ်မှုကို ကိုယ်ပျောက်တံတိုင်းကြီး တစ်ခုသဖွယ် ကာရံထားပေးနိုင်မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ပလာစမာနည်းပညာသည် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့်     စစ်အင်အားကြီး နိုင်ငံများနှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု   တရုတ်စစ်ရေး ကျွမ်းကျင်သူများက ယုံကြည်ထားသည်။

နောင်တစ်ချိန်တွင် တရုတ်သိပ္ပံပညာရှင်များသည် ပလာစမာနည်းပညာကို အာကာသအတွင်း အသုံးပြုနိုင်ရေးကိုပါ ရည်မှန်းထားသည်။ အထူးသဖြင့် တိုက်ချင်းပစ်ဒုံးကျည်များ၊  စစ်သုံးဂြိုဟ်တုများကို   ရန်သူ၏ထောက်လှမ်းမှုမှ အကာအကွယ်ပေးနိုင်ရေးအတွက်ပင် ဖြစ်သည်။

                     Ref: SCMP