မျက်စိကျန်းမာရေး(Eye Health)

မျက်စိကျန်းမာရေး(Eye Health)

အမြင်အာရုံကြည်လင်ပြီး မျက်စိကျန်းမာရေးကောင်းမွန်ဖို့ လိုက်နာသင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အမြင်အာရုံကောင်းမွန်စေတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တတ်ဖို့ လိုအပ်ပါ တယ်။  လေ့လာမှုအရ  အိုမီဂါ- 3 ၊  ဇင့်နဲ့  ဗီတာမင်စီဓာတ်တွေက  မျက်စိအမြင်မှုန်ဝါးတာ၊ တိမ်စွဲတာတွေ ကို  လျော့နည်းသက်သာစေပါတယ်။ အဲဒီဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသောက်ဖို့ လိုအပ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ဆယ်လ်မွန်ငါး၊ တူနာငါးစတဲ့အဆီများတဲ့ ငါး၊ ဥအမျိုးမျိုးနဲ့ အစေ့အဆန်၊ လိမ္မော်သီးနဲ့  အချဉ်အရသာရှိတဲ့သစ်သီးတွေကကိုယ်အလေးချိန် ထိန်းပေးပြီး အဝလွန်တာ၊ သွေးတိုးရောဂါ၊ ဆီးချို၊  သွေးချိုရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။

နေ့စဉ်  နာရီဝက်ကနေ တစ်နာရီခန့် အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ် သင့်ပါတယ်။   အားကစားဝတ်စုံကို  အပြည့်အစုံဝတ်ဆင်ပြီးမှ အားကစားပြုလုပ်သင့်ပါတယ်။

ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်သုံးတာက မျက်စိမှာရှိတဲ့အာရုံကြောတွေကို ထိခိုက်စေပြီး  အမြင်မှုန်ဝါးတာ၊ တိမ်စွဲတာဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာက အမြင်အာရုံပျက်စီးနိုင်ခြေကို  လျှော့ချပေးပါတယ်။ ဆေးလိပ်မှာ နီကိုတင်းပါရှိတဲ့အတွက် ဆေးလိပ်ဖြတ်မရ ဖြစ်တတ်တယ်။ အီးစီးကရက်နဲ့ ဖြတ်သင့်တယ်လို့   အရင်ကညွှန်းဆိုထားပေမယ့်   အီးစီးကရက်မှာ နီကိုတင်းပါဝင်ပြီး  ရနံ့၊ ဓာတုပစ္စည်းထည့်ထားလို့ စီးကရက်ထက် ပိုဆိုးစေပါတယ်။  ဆေးလိပ်၊ ကွမ်းကို   ပီကေဝါးခြင်း၊     ချိုချဉ်ဝါးခြင်း၊ သကြားလုံးငုံခြင်းတို့နဲ့ဖြတ်နိုင်ပါတယ်။

ကွန်ပျူတာအသုံးပြုရင် မျက်စိညောင်းတာ၊ အမြင် ဝေဝါးတာ၊ အဝေးကအရာဝတ္ထုကိုကြည့်ဖို့ခက်ခဲတာ၊ မျက်စိခြောက်တာ၊ ခေါင်းကိုက်တာ၊  လည်ပင်းနောက်ကျောနဲ့   ပခုံးနာကျင်တာတွေ ခံစားရပါတယ်။ မိမိ တပ်ဆင်ထားတဲ့မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန်ကို  ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီး အသစ်လဲ သင့်ပါတယ်။   အမြင်ကြည်လင်ဖို့၊  ဇက်ကြောတက်တာ သက်သာစေဖို့ လိုအပ်ရင် မျက်မှန်တပ်သင့် ပါတယ်။

ကွန်ပျူတာအသုံးပြုတဲ့အခါ မျက်စိနဲ့ ကွန်ပျူတာမျက်နှာပြင် တစ်တန်းတည်း အကွာအဝေးမှာ ထားသင့်ပါတယ်။ ကွန်ပျူတာထားရှိတဲ့နေရာမှာ စူးရှတဲ့အလင်းရောင်မကျရောက်စေဖို့    ပြတင်းပေါက် နေရာနဲ့    အလင်းတိုက်ရိုက်ကျနိုင်တဲ့နေရာကို ရှောင်သင့်ပါတယ်။

စူးရှတဲ့အလင်းရောင်မကျရောက်စေဖို့     ပြတင်းပေါက်နေရာနဲ့ အလင်းတိုက်ရိုက်ကျနိုင်တဲ့နေရာတွေကို ရှောင်သင့်ပါတယ်။ ကွန်ပျူတာကို မိနစ် ၂၀ ကြည့်ပြီးတိုင်း အဝေးကို စက္ကန့် ၂၀ ကြာကြည့်ပြီး မျက်စိအညောင်းဖြေသင့်ပါတယ်။ နှစ်နာရီဆက်တိုက် ကွန်ပျူတာရှေ့မှာထိုင်ပြီးရင် ၁၅ မိနစ်လောက် ခဏနားပြီး လမ်းလျှောက်သင့်ပါတယ်။

မျက်မှန်တပ်သင့်ပါတယ်။ နေပူထဲသွားတဲ့အခါ နေရောင်ကာနိုင်စွမ်းပိုမိုကောင်းမွန်တဲ့ နေကာ မျက်မှန် တပ်ဆင်ပြီး မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်းထိတွေ့ပါက အမြင်အာရုံခံလွှာပျက်စီးပြီး  မျက်စိတိမ်စွဲတာတွေဖြစ်စေတယ်။ ခရမ်းလွန် ရောင်ခြည်ကို ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ နေကာမျက်မှန်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

မျက်ကပ်မှန်တပ်မယ်ဆိုရင်လည်း နေရောင်ကာနိုင်စွမ်းရှိတဲ့ မျက်ကပ်မှန်မျိုး ရွေးချယ်သင့်ပါတယ်။  ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုခံယူသင့်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက မျက်စိကို ပုံမှန်စမ်းသပ် စစ်ဆေးမှုတွေ  လုပ်ပေးဖို့လိုပါတယ်။ မျက်စိနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေမပြသေးပေမယ့် ရောဂါရှိနေရင် ကြိုတင်သိရှိနိုင်ဖို့ မျက်စိအထူးကုဆရာဝန်တွေနဲ့ ပြသစစ်ဆေးမှုတွေ ပြုလုပ်သင့် ပါတယ်။  ဆရာဝန်က မျက်စိနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကို ညွှန်ကြားပေးပါတယ်။

လူတွေက မျက်စိစဖွင့်လိုက်တာနဲ့ ပိတ်တဲ့အချိန်ထိ  မရပ်မနားအသုံးပြုကြတယ်။   မျက်စိတွေကလည်း   နှလုံးလိုပဲ မနားမနေ အလုပ်လုပ်နေတာဖြစ်တယ်လို့ တော်ဝင်မျက်စိ၊ မျက်လုံးသမားတော်များအဖွဲ့ (Royal College of Ophthalmologists)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မျက်စိဆရာဝန် ဆာရာမေလင်းက ဆိုပါတယ်။

(၁) ထိခိုက်ဒဏ်ရာရမှုရှိနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာက အဖြစ်အများဆုံးမဟုတ်ပေမယ့် ကလေးဘဝမှာ အဆိုးရွားဆုံးအန္တရာယ်ဖြစ်ပါတယ်။ မျက်စိထိခိုက်ဒဏ်ရာရရှိမှု နှစ်မျိုးခွဲထားပါတယ်။ ချွန်ထက်တဲ့ အရာနဲ့ ထိခိုက်မိခြင်း၊ တုံးတဲ့အရာနဲ့ထိခိုက်မိခြင်းတို့ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် မျက်ကြည်လွှာ ပေါက်ပြဲသွားခြင်း၊ မျက်နက်စ ယိုထွက်လာခြင်းတို့က အရေးတကြီး ဆေးကုသဖို့လိုအပ်တဲ့ ထိခိုက် ဒဏ်ရာရမှုပဲ ဖြစ်ပါတယ်။ တုံးတဲ့အရာနဲ့ ထိခိုက်ရာမှ သားရေကွင်း၊ လေးခွမှန်ခြင်း၊  လက်သီးနဲ့ထိုးမိခြင်း၊ လက်နဲ့ထိခိုက်မိခြင်း၊ ချော်လဲခြင်းတို့ကြောင့် အဖြစ်များတယ်။ ဒဏ်ရာမပြင်းထန်ရင် မျက်မြှေးလွှာ သွေးထွက်ခြင်းလောက်သာ ဖြစ်တတ်ပါတယ်။

(၂)မျက်စိရောင်နာ (ခေါ်) ရိုးရိုးမျက်စိနာရောဂါက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမှာ   အဖြစ်များ ပါတယ်။  အထူးကူးစက်မြန်လို့ တစ်ဦးရဲ့မျက်နှာသုတ်ပဝါကို တစ်ဦးသုတ်ခြင်းမပြုသင့်ပါဘူး။

(၃)မျက်ခမ်းစပ်ရောဂါ(မျက်တောင်မွေးစိုက်ခြင်း)က  အထူးကူးစက်မြန်ပါတယ်။  သီးခြားကုသခံယူဖို့ လိုအပ်ပါတယ်။

(၄)ဗီတာမင်အေချို့တဲ့ရောဂါ ဖြစ်နိုင်ပါတယ်။ ဝမ်းလျှောပြီးစကလေးတွေမှာဖြစ်လေ့ရှိပါတယ်။ မျက်စိ နှစ်ဖက်စလုံးဖြစ်တတ်တယ်။ ညဘက်မမြင်ခြင်း၊  မျက်စိ အရောင်မွဲခြောက်ခြင်း၊  မျက်တောင်ရှည် ထွက်လာခြင်း၊ မျက်စိအမြင်ထောင့်စွန်း အဖြူသားမှာ ငါးကြေးခွံကပ်သလိုဖြစ်ခြင်း၊ မျက်ကြည်လွှာ အနာဖြစ်ခြင်းအထိ ဆိုးရွားတတ်ပါတယ်။

(၅)မျက်စိစွေစောင်းရောဂါ ဖြစ်နိုင်ပါတယ်။ ငယ်စဉ်ကတည်းက ဖုန်းအကြည့် များတဲ့ကလေးငယ်တွေမှာ တွေ့ရပါတယ်။

(၆)အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းက   ကျောင်းနေအရွယ်တွေမှာ   တွေ့ရတတ်ပါတယ်။ မိဘက မျက်မှန် တပ်သူဖြစ်ရင် သားသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

(၇) မျက်ကြည်လွှာအနာ ဖြစ်တတ်ပါတယ်။ တစ်ဖက်တည်း ဖြစ်တတ်တယ်။ မြင်အားကျဆင်းပြီး  မျက်ရည်ထွက်ခြင်း၊ ကိုက်ခြင်း၊ မူးခြင်းရှိပြီး မျက်ကြည်လွှာမှာ အနာဖြစ်တတ်ပါတယ်။

(၈) အတွင်းတိမ် ဖြစ်တတ်ပါတယ်။ မျက်စိအာရုံခံစားလွှာ ကင်ဆာက ကျောင်းနေအရွယ်မှာတွေ့ရပြီး  ဖြစ်ပွားနှုန်းအလွန်နည်းတယ်။ လူကြီးတွေမှာဖြစ်တဲ့ အတွင်းတိမ်က မျက်စိမှုန်စေပါတယ်။

(၉) မျက်နက်စရောင်ရမ်းနာ ဖြစ်နိုင်တယ်။ မျက်စိသူငယ်အိမ်ကျဉ်းပြီး အမြင်အားကျဆင်းခြင်း၊  မျက်ရည်ထွက်ခြင်း၊ နီရဲခြင်း၊ စူးခြင်း၊ ကိုက်ခြင်းတို့ဖြစ်တတ်ပါတယ်။မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁၀) အသီးအရွက်နဲ့ အာဟာရဖြစ်စေတာများများစားသင့်ပါတယ်။ ဗီတာမင်အေကြွယ်ဝတဲ့ မုန်လာဥနီ၊ မြင်းခွာရွက်၊ ဟင်းနုနယ်တို့ကို စားသင့်ပါတယ်။ ဆယ်လ်မွန်ငါး၊ ကြက်ဥနဲ့ တခြားအဆီများတဲ့ငါး   စားသင့်တယ်။ ငါးကြီးဆီဖြည့်စွက်စားနိုင်တယ်။

အန္တရာယ်ရှိတဲ့ အလုပ်ခွင်ထဲရောက်ရင် မျက်စိအကာအကွယ် ဝတ်ထားသင့်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေတဲ့အလုပ်၊ မျက်စိထဲအမှုန်အမွှားတွေ ဝင်နိုင်တဲ့အလုပ်တွေ လုပ်နေရတဲ့သူတွေဆိုရင် ကြိုတင်ပြီး မျက်စိအကာအကွယ် တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကိုယ့်မှာ ရေတိမ်ရောဂါရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ ရေတိမ်ဖြစ်နိုင်ခြေ စစ်ဆေးတဲ့ ကိရိယာနဲ့ရေတိမ်ဖြစ်နိုင်ခြေ  ရှိ၊ မရှိစစ်ဆေးနိုင်တယ်။ မိသားစုထဲမှာ ရေတိမ်ဖြစ်ဖူးသူဆိုရင်  စစ်ဆေးသင့်ပါတယ်။   ကိုယ့်မှာ ရေတိမ်လက္ခဏာ   ရှိ၊   မရှိစစ်ဆေးပြီး ရလဒ်တွေ    သိမ်းဆည်းထား သင့်တယ်။  မျက်မှန်တပ်ဆင်ထားတဲ့သူတွေ    နှစ်စဉ်မျက်မှန်ပါဝါစစ်ဆေးသင့်ပါတယ်။ ဗီတာမင်အေ ပါဆေးလုံး Retinol သောက်ခြင်း၊ Andevit သောက်ခြင်းက မျက်စိအမြင်အားကောင်း နိုင်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါတယ်။   ။

ဒေါက်တာလွင်သန့်