ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

 

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

 

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက်  ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ အဆိုပါ စေတီတော်ဝင်းအတွင်း၌ ကျင်းပသည်။

 ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ကြသည်။

ထို့နောက် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ  ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်)ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက်  သီရိမင်္ဂလာကမ္ဘာအေးစေတီတော် (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရခြင်းနှင့်   စပ်လျဉ်း၍ လျှောက်ထားသည်။

 ထို့နောက် ဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်)ဆရာတော်ထံမှကုသိုလ်ကောင်းမှုအစုစု တို့အတွက်  အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက်  မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက ရဟန္တာအရှင်မြတ်ကြီးများ၊ သြဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့အား ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက  ဆွမ်းဆန်စိမ်းလောင်း လှူခဲ့ကြသည်။

ကိုကိုဇော်(သတင်းစဉ်)