မွန်ပြည်နယ်အတွင်း မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 

မွန်ပြည်နယ်အတွင်း မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

    မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့်    အလုပ်သမားဥပဒေများ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့   ပြည်နယ်အစည်းအဝေး ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့် အလုပ်သမား ရေးရာဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က   အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီးက မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့်  အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် မျှော်မှန်းချက်ချထားပြီး မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်ဝသည့် လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   မွန်ပြည်နယ်အတွင်း    လျှပ်စစ်တပ်ဆင်မှု ကျွမ်းကျင်၊ အဆောက်အဦ လက်သမား၊ အုတ်စီလုပ်သား၊ ရော်ဘာအစေးခြစ် လုပ်သား၊ သံချည်သံကွေး လုပ်သား၊ ဟိုတယ်စားပွဲထိုး ဝန်ထမ်း၊ အိပ်ခန်းဆောင်ဝန်ထမ်း အလုပ်အကိုင်များ အတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု   စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၁၄ ခုနှစ်မှ ယနေ့အထိဖြေဆိုသူ ၁၀၃၄ ဦးအနက်    အရည်အသွေးပြည့်မီသူ ၉၈၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အုတ်စီလုပ်သား၊ အဆောက်အဦလက်သမား၊    လျှပ်စစ်လုပ်သား ကျွမ်းကျင်၊ ရော်ဘာအစေးခြစ် လုပ်သား၊ သံချည်သံကွေးလုပ်သား၊ ဂဟေဆက်လုပ်သားများ အတွက် စစ်ဆေးအကဲဖြတ်ရေး ဌာနသုံးခုကို  အသိအမှတ်ပြုထားပြီးဖြစ်၍ အလုပ်အကိုင် အမျိုးအစားအလိုက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်မှုများ ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ဖြင့်    ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း  MSME လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်စေရေး    အဓိကလိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC)  ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများသည် အလုပ်သမားရေးရာ ဥပဒေပါခံစားခွင့်များကို သိရှိနားလည်၍ အငြင်းပွားမှုလျော့နည်းစေပြီး လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်ခြင်း၊ အငြင်းပွားမှု မဖြစ်စေရန်   ကြိုတင်ကာကွယ်နိုင်ခြင်း၊ အငြင်းပွားမှုဖြစ်ပွားပါက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(Workplace Coordinating Committee-WCC) အဖွဲ့မှ EC  စာချုပ်ဖြင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်သဖြင့်   နှစ်ဦးနှစ်ဖက် ရာနှုန်းပြည့် ချုပ်ဆိုရန်လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း   သတင်းရရှိသည်။