ကျန်းမာရေး ဝန်ကြီးဌာန အထူးကု ဆေးကုသရေးအဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေး ဝန်ကြီးဌာန အထူးကု ဆေးကုသရေးအဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

    အထူးကုသမှုများ  (Super Specia-lity) လိုအပ်သော  ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊  အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေ စမ်းသပ်မှုများနှင့်   ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့်  ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သော ကုသမှုများကို အချိန်မီရရှိခြင်းဖြင့်  သက်ရှည်ကျန်းမာ စေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည်  ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့များ၏ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၊   နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင်-၁၀၀၀၊ ခုတင်-၅၅၀ဆံ့ ကလေးဆေးရုံကြီး-မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်   လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်   အထူးကု ဆေးကုသရေး အဖွဲ့သည် ဖေဖော်ဝါရီလ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့  ဒုတိယအကြိမ် သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

  အဆိုပါအထူးကုဆေးကုသရေး အစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ်အတွင်းရှိ  မြို့နယ်ပေါင်း(၈)မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ပြီး     နှလုံးရောဂါဆိုင်ရာ လူနာ ၁၃၈ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၂၁ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၄၃ ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာ လူနာ ၁၅၃ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ လူနာ ၁၀၉ ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ ၉၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ လူနာ ၁၉ ဦး၊ အထွေထွေရောဂါ ဆေးပညာလူနာ ၅၉ ဦး၊ အရိုးအကြောအဆစ်ရောဂါ လူနာ ၆၂ ဦး၊ အရိုးရောဂါလူနာ ၁၄၅ ဦး၊  နား၊  နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၁၄ ဦး၊ ကလေးနှလုံးရောဂါ လူနာ ၃၅ ဦး၊ နှုတ်ခမ်းကွဲ၊   အာခေါင်ကွဲလူနာ ၃၉ ဦး၊ အထွေထွေခွဲစိတ် ရောဂါလူနာ ၁၃ ဦး၊ သားဖွားမီးယပ်ရောဂါ လူနာ ၂၆ ဦး၊ သွားနှင့်ခံတွင်း လူနာ ၁၇ ဦး၊   မျက်စိရောဂါဆိုင်ရာ လူနာ ၄၈ ဦး၊ အရေပြားရောဂါ လူနာသုံးဦး စုစုပေါင်းလူနာ ၁၂၄၁ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက်  နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiog- raphy)  ၈၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၂၂ ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း လေးဦး၊ နား၊  နှာခေါင်း၊  လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း ၁၇ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့်  စစ်ဆေးခြင်း(CT scan) ၁၉ ဦး၊ ဓာတ်မှန်ဖြင့်  ရောဂါရှာဖွေခြင်း ၁၉၇ ဦး၊  ဓာတ်ခွဲစမ်းသပ်သူ ၂၈၃ ဦး၊ သွေးချိုဓာတ်(HbA1C)တိုင်းတာခြင်း ၅၄ ဦး၊ Ultrasound ရိုက်ကူးခြင်း ၉၈ ဦး၊  နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG)  ၂၅၇ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာခွဲစိတ်ကုသမှု ၃၉ ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၂၅ ဦး၊ ကလေးနှလုံးရောဂါ လူနာ လေးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လူနာ ၄၄ ဦး၊ အထွေထွေခွဲစိတ် ကုသလူနာ တစ်ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဦးခေါင်းတွင်း  သွေးခဲလူနာတစ်ဦးကို ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါ အစီအစဉ်နှင့်အတူ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ရာ အသက် ၆၅ နှစ်နှင့်အထက်    ပြည်သူလူထုနှင့် နာတာရှည်ရောဂါဝေဒနာရှင် စုစုပေါင်း ၇၀ တို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၄  ရက်နှင့် ၂၅ ရက်တို့တွင်  ကချင်ပြည်နယ်  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊   တာဝန်ရှိသူများနှင့်အတူ  အထူးကုဆေးကုသရေး အစီအစဉ်ဆောင်ရွက်ရာ နေရာသို့လာရောက်၍  လာရောက်ပြသ ကုသမှုခံယူကြသော   လူနာများကို ကြည့်ရှုအားပေးစကား ပြောကြားပြီး ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင် စကားပြောကြားကာ အထူးကု ဆေးကုသရေးအစီအစဉ်အတွက် အလှူငွေပေးအပ် လှူဒါန်းခဲ့သည်။

ရန်ကုန်၊  မန္တလေး၊  နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ(Super Speciality) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစတင်၍ အပတ်စဉ် စနေ၊   တနင်္ဂနွေနေ့များ၌  ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခုမြစ်ကြီးနားမြို့တို့သို့ သွားရောက်ပြီး ဖြစ်ကြောင်း သိရှိရသည်။