တပို့တွဲ လရာသီ

 

တပို့တွဲ လရာသီ

 

    ရက်လရာသီပြောင်းလဲမှုဖြစ်စဉ်အရ မြန်မာ့တစ်ဆယ့်နှစ်လ ရာသီတို့သည် တစ်လပြီးတစ်လပြောင်းလဲ လည်ပတ်လျက်ရှိသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ တစ်ဆယ့်နှစ်လရာသီ အလိုက်မြန်မာပွဲတော် ၁၂ မျိုးရှိသည်။ လအလိုက်ပွဲတော် ၁၂ မျိုးကို ရည်ရွယ်၍ ဘိုးတော်ဘုရား လက်ထက်အမတ် သရေသင်္ခယာ၏ သာဓိနပျို့အပိုဒ် ၃၀ တွင် “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်၊ နတ်ကျင်း၊ မြင်းခင်း၊ ထွက်ဝင်သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု အကျဉ်းရေးဖွဲ့ထားသည်။ တပို့တွဲလကို သဘင်မီးဖုံးပွဲတော်ဖြင့် အကျဉ်းရေးသား ထားသော်လည်း ထိုပွဲတော်သာမက အခြားပွဲတော်များလည်း တပို့တွဲလတွင် ကျင်းပကြောင်း တွေ့ရှိရသည်။

မြန်မာ့တစ်ဆယ့်နှစ်လ ရာသီတွင် တစ်ဆယ့်တစ်လမြောက်ဖြစ်သော ဆောင်းနှောင်းရာသီ တပို့တွဲလသို့ ရောက်ပြီဖြစ်သည်။ ဆရာကြီးဦးဖိုးလတ်က “တပို့”မှာ ထန်းပို့ဖြစ်၍ ထန်းဖူး၊ ထန်းခိုင်ဟု အဓိပ္ပာယ်ရကြောင်း၊ “တွဲ” မှာ မြန်မာစကားသက်သက် “တွဲခြင်း” ကို ဆိုကြောင်း၊ ထို့ကြောင့် တပို့တွဲလဟူသည်ထန်းဖူး၊ ထန်းခိုင်တို့ကို အောက်သို့တွဲကျအောင်(ထန်းရည်ကောင်းကောင်း ထွက်စေပြီး ထန်းရည်ခံရာတွင် လွယ်ကူစေရန်) ပြုလုပ်ခြင်းဖြစ်၍ ထန်းရည်နင်းလဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုသည်။

တပို့တွဲလသည်  ဗေဒင်အခေါ်ကုံရာသီဖြစ်ပြီး မာဃနက္ခတ်စန်းနှင့် ယှဉ်၍မွန်းတည့်သည်။ ရာသီရုပ်မှာ ရေထမ်းသမား ဆင်းရဲသားပုံဖြစ်၍ ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ဖြစ်သည်။ ဝါထပ်ရက်ငင်နှင့်ပတ်သက်၍ တပို့တွဲလသည် ဝါငယ်ထပ်နှစ်၊ ဝါကြီးထပ်နှစ် နှစ်မျိုးလုံးတွင် ၂၉ ရက်ရှိသဖြင့် ရက်မစုံလကွယ်ဖြစ်သည်။ ဤလ၏ ရက်ရာဇာမှာ အင်္ဂါနေ့နှင့် ကြာသပတေးနေ့ဖြစ်ပြီး ပြဿဒါးမှာ တနင်္ဂနွေနှင့် တနင်္လာနေ့တို့ဖြစ်သည်။ တပို့တွဲကျွဲချိုများ ဆတ်ဆတ်ခါသည်ဟူ၍ လည်းကောင်း၊ နှာရည်ယိုရွဲတပို့တွဲဟု လည်းကောင်း၊ နှင်းရည်စိုရွှဲတပို့တွဲဟု လည်းကောင်း စာချိုး၍ အလွန်အေး၊ အချမ်းကဲပုံကို ဆိုရိုးပြုခဲ့ကြသည်။

တပို့တွဲလတွင် “မီးဖုံးသဘင်” ကျင်းပရိုးထုံးစံရှိသည်။ တချို့က မီးဖုံးကို မီးပုံဟု သုံးနှုန်းကြသည်။

စာစကား၊ အရပ်စကားကွဲပြားသော်လည်း အတူတူပင်ဖြစ်သည်။ မီးဖုံးပွဲသည် မီးအလှူ၊ မီးကုသိုလ်ပင်ဖြစ်သည်။ အမွှေးနံ့သာတို့ဖြင့် စီရင်ပြီး မီးပုံပြုကာ ဘုရားရှင်အား အပူဓာတ်လှူဒါန်းခြင်းဟု မှတ်ယူ၍ရသည်။ မီးလှုံခြင်းသည် ဆိုးကျိုးသက်ရောက်စေသောအချက်များရှိ၍ သံဃာတော်များ အနေဖြင့် ဝိနည်းတော်အရ သာမန်ချမ်းအေးသော ရာသီတွင် မီးမလှုံရပေ။ သို့ရာတွင် တပို့တွဲလအကုန် တပေါင်းလအကူးကြားရှစ်ရက်သည် အလွန်အမင်း အေးချမ်းသောကြောင့်ထိုရက်များအတွင်း ရဟန်းတို့အား ဘုရားရှင်က မီးလှုံခွင့်ပြုသည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင်လည်း ရွှေလက်တော်အား မီးကင်တော်မူသည်။ ဤသည်ကို အစွဲပြု၍ မီးဖုံးသဘင် ကျင်းပကြခြင်းဖြစ်သည်။

တပို့တွဲလ၏ ထင်ရှားသောပွဲတော်မှာ ထမနဲပွဲဖြစ်သည်။ မြတ်စွာဘုရားရှင် လက်ထက်တော်ကတပို့တွဲလတွင် ယာဂုလှူပွဲ ပေါ်ပေါက်ခဲ့သည်။ မီးဖုံးပွဲနှင့် ယာဂုပွဲမှာ အဆက်အစပ်နှင့် တည်ရှိခဲ့သည်။

ထိုသို့ယာဂုလှူဒါန်းရာမှ ယနေ့အထိတွင်ကျယ်နေသော ထမနဲထိုးပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရှေးယခင်က ကောက်သစ်ပေါ်သည့် တပို့တွဲလတွင် ယာဂုကျို၍  လှူဒါန်းသည့် အလေ့အထမှ တစ်ဆင့်ကျိုခြင်းနှင့် အဓိပ္ပာယ်ဆင်တူသည့် “နှဲ” ခြင်းဖြင့် ထမနှဲ၊ ထိုမှ ထမနဲဟူ၍ ပြောင်းလဲလာသည်။ တချို့က ထမနဲတွင် နှမ်းပိုပိုသာသာ ထည့်ထိုးသဖြင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။

ထမနဲထိုးရာတွင် တစ်ယောက်တစ်လက်ဖြင့် စုပေါင်းအင်အားပြနိုင်မှသာ ထမနဲကောင်း ရရှိနိုင်သည်။ ရှေးမြန်မာများသည် ထိုးကွင်းမင်ကြောင်များ ပေါ်လွင်အောင် ပုဆိုးခါးတောင်းကျိုက်ဖြင့် စုပေါင်း၍ ထမနဲထိုးကြသည်။ အားကောင်းမောင်းသန်ဖြင့် ညီညွတ်မှုသရုပ်ကို ပြသကြသည်။ လက်တွေ့တွင်လည်း ထမနဲသည်စုပေါင်းအားဖြင့် ငြာသံပေးကာ အားထည့်ထိုးမှသာ အရသာကောင်းမွန်သော ထမနဲကိုရရှိသည်။

တချို့ထမနဲပွဲများတွင် အိုးစည်၊ ဒိုးပတ်၊ အကအခုန်များပါ ပါဝင်သည်။ ဆရာကြီးမင်းသုဝဏ်၏ အိုးစည်သံ ရသစာတမ်း၌ “ထမနဲထိုးသောသူများ၊ ဝေသောသူများ၊ စားသောသူများသည် အိုးစည်သံဖြင့် ကရတော့ မလိုလို၊ ခုန်ရတော့မလိုလို၊ တရိုးရိုး၊ တရွရွဖြစ်ကြကုန်၏။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် လွှတ်ခဲ့သော မီးပုံးပျံကြီး မှိုင်းဝသောအခါ တရွရွ၊ တလှုပ်လှုပ်ဖြစ်နေသည်နှင့် တူလေတော့သည်” ဟုရေးသားထားသည်။

အလွန်အေးသော တပို့တွဲလတွင် အအေးဒဏ်ကို ကာကွယ်နိုင်ရန် ရာသီစာဖြစ်သော ထမနဲဖြင့် အာဟာရပေး နွေးထွေးကာကွယ်နိုင်ခြင်းသည် ထမနဲရာသီပွဲ၏ ကောင်းမြတ်မှုပင်ဖြစ်သည်။ ဆီအိနေသော အပူစာထမနဲကို စားသုံးခြင်းဖြင့် အဆီခန်းခြောက်ခြင်းနှင့် အအေးဒဏ် ကာကွယ်ခြင်းတို့အပြင် အာဟာရပြည့်ဝမှုကိုလည်း ပေးစွမ်းသည်။ မြန်မာတို့ အထူးနှစ်သက်သည့် ရာသီစာထမနဲတွင် ပါဝင်သည့် ပစ္စည်းအမယ်များမှာ “ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန်ရှစ်ဆယ်ကျပ်သား၊ နှမ်းသုံးဆယ့်နှစ်ကျပ်သား၊ အုန်းသီးစိတ်နှစ်ဆယ်ကျပ်သား၊ ဆားခုနစ်ကျပ်သား၊ ချင်းစိမ်းသုံးကျပ်သား” ဟူသည့် ပစ္စည်းခုနစ်မျိုး ပါဝင်သည်။ ၎င်းင်းတို့ကို မိုးပြဲဒယ်အိုးတွင် နှံ့အောင်မွှေ၍ နှဲရခြင်းဖြစ်သည်။ ပါဝင်သော ပစ္စည်းများ အချိုးအစားမှန်မှန်ဖြင့် အကောင်းဆုံး အားစိုက်ထိုးနိုင် နှဲနိုင်ပါကထမနဲသည် စားကောင်းရုံမျှမက ရက်ရှည်ပါအထားခံသည်။

ယခုအခါရာသီတပို့တွဲလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဘုရားစေတီများ အပါအဝင် နိုင်ငံတော်အနှံ့အပြားတွင် ရိုးရာထမနဲထိုးပွဲများ ကျင်းပကြသည်။

အသင်းအဖွဲ့၊ ရပ်ကွက်နှင့်ကျေးရွာအလိုက်လည်း စုပေါင်းပြုလုပ်ကြသည်။ လပြည့်ရက်မတိုင်မီ လဆန်းရက်များကပင် ထမနဲထိုးကြပြီး မြတ်ဘုရား အမှူးရှိသော ဆရာတော် သံဃာတော်များကို လှူဒါန်းခြင်း၊ စတုဒိသာကုသိုလ်အဖြစ် ဝေငှကျွေးမွေးခြင်းများဖြင့် ပျော်ပျော်ပါးပါး ကြည်နူးတက်ကြွစွာ ထမနဲပွဲတော်ကို ကျင်းပပြုလုပ်ကြသည်။

တပို့တွဲလတွင် ရာသီပန်းဖြစ်သော ပေါက်ပန်းနှင့် လဲပန်းတို့ပွင့်ကြသည်။ ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ သဘာဝအလှကို ကူပံ့နေသလို မကြာမီ ရောက်ရှိလာမည့် နွေဦးကာလကို ကြိုဆိုနေဟန်ရှိသည်။ ပေါက်ပွင့်၊ လက်ပံပွင့်တို့ကို သောက်သုံးကာ ပျော်ရွှင်မြူးထူးနေကြသော ငှက်ကျေးသာရကာတို့၏ အသံတို့က ဝန်းကျင်တစ်ခုလုံး ဆူဆူညံလျက်ရှိသည်။

အထူးသဖြင့် ဆက်ရက်ငှက်အုပ်၏ ဟစ်အော်သံတို့က တပို့တွဲလကို တစ်မူထူးခြားစေသည်။ ဤအကြောင်းကို မဟာအတုလမင်းကြီးက “ညံလို့သာ သဲတော့တယ်။ပေါက်လဲငယ်ပွင့်တံ၊ ထိန်ထိန်ငယ်လျှံသည်၊ ဆက်ရက်သံစာစာနှင့်၊ ငှက်ညီလာကျင်းတဲ့ လကိုလေး” ဟု ဖွဲ့ဆိုညွှန်ပြခဲ့သည်။

ကောင်းကင်ယံ၌ စန်းယှဉ်ငွေလနှင့် မာဃနက္ခတ်တို့ ထွန်းပရွှင်မြူးနေကြသည့် လမြတ်တပို့တွဲတွင် အေးမြလှသည့် ဆောင်းနှောင်းကာလ ဖြစ်သော်လည်း ရာသီဥတုသာယာ ပွင့်လင်းခြင်း၊ အလှူဒါနပြုခြင်း၊ ပေါင်းစည်းညီညွတ်ခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ ပြည့်ဝလျက်ကောင်းမြတ်သော မင်္ဂလာများနှင့် ထွန်းလင်း တောက်ပနေမြဲဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  ။

လင်းအာရုဏ်ဦး(ပဲခူး)