(၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့်   ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံ ခန့်ခွဲမှုညှိနှိုင်း အစည်းအဝေး ကျင်းပ

 

 (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့်   ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံ ခန့်ခွဲမှုညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

     လူမှုဝန်ထမ်း၊      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ (၂၉)ကြိမ်မြောက် မြန်မာ- ထိုင်း လူကုန်ကူး ခံရသူများအား   ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ   ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်  ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် Ms. Sara Binyoh     ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများ အကြား   စံပြနမူနာကောင်း ဖြစ်ခဲ့ကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု   ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ  နားလည်မှု စာချွန်လွှာ၏ အဓိက အပိုင်းတွင်ပါဝင်သော ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား  ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး  လူကုန်ကူးခံရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်နှင့်ညီမျှသော ပြန်လည်

ထူထောင်ရေး ထောက်ပံ့မှုများကို   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံသား  လူကုန်ကူးခံရ သူများကို ဂေဟာတွင်  လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများ ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတို့ အတွက် လူကုန်ကူးခံရသူများ ကိုယ်စား မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအစိုးရကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊   မြန်မာ-ထိုင်း  နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ  လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် Ms. Sara Binyohက   လူကုန်ကူးမှု ပြဿနာသည် လူသားများ၏ အခွင့်အရေးနှင့်   လ့ူဂုဏ်သိက္ခာ ချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာ  မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှု ပြဿနာများကို  ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ  ကဏ္ဍအလိုက်  ပြင်ဆင်မွမ်းမံ ဆောင်ရွက်လျက်ရှိသည့်အပြင်   လူကုန်ကူး ခြင်းခံရသူများကို  ထိုင်းနိုင်ငံအစိုးရ အနေဖြင့် ဥပဒေ၊   လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းနှင့်အညီ   ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူး ခံရသူများကို   ပြန်လည် လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပပြီး  အစည်းအဝေး ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြု နိုင်ခဲ့သည်။

ညနေပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် ညှိနှိုင်းအစည်းအဝေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။