ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့်မိခင်များမှ မွေးဖွားလာသော ကလေးများ ခုခံအားကောင်းနိုင်
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)၏ လေ့လာတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် မိခင်များမှ မွေးဖွားလာသော ကလေးများသည် ခုခံအားကောင်းနိုင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထားရန် လိုအပ်ကြောင်း လေ့လာတွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်အရ မိခင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးများ ခုခံအားကောင်းစေမည့်အပြင် ကလေးများတွင် တခြားသော ရောဂါဘယများ မဖြစ်ပွားစေရန် လအတန်ကြာ ကာကွယ်မှု ပေးစွမ်းနိုင်ကြောင်း သိရသည်။
အဆိုပါလေ့လာမှုအဖွဲ့သည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးထားသော မိခင်များနှင့် ကာကွယ်ဆေးမထိုးထားသော မိခင်များမှ မွေးဖွားလာသော ကလေးပေါင်း ၃၇၆ ဦးကိုလေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လေ့လာရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော ကလေးပေါင်း ၁၇၆ ဦး၏ မိခင် ၈၄ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးထိုးထားခြင်း မရှိကြောင်း တွေ့ရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကြောင့် ICU၌ ဆေးကုသမှု ခံယူနေရသော မွေးကင်းစကလေးများ၏ မိခင် ၈၈ ရာခိုင်နှုန်းခန့်သည်လည်း ကာကွယ်ဆေးထိုးထားခြင်း မရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ဘေးထွက်ဆိုးကျိုးမရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ခဲ့သည့် အချိန်အတွင်း ကူးစက်သူ ၁၀၀၀ ခန့်တွင် ကိုယ်ဝန်ဆောင် မိခင်များလည်း ပါဝင်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ရောဂါပြင်းထန်စွာဖြစ်နိုင်မှုကို ကာကွယ်ပေးထားပြီး ကလေးငယ်များသည်လည်း ကာကွယ်ဆေးထိုးထားသော မိခင်၏ အချင်းနှင့် နို့မှတစ်ဆင့် ကာကွယ်ဆေးကို ရရှိနိုင်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (ကလေးမရနိုင်ခြင်း) ဖြစ်စေနိုင်ကြောင်း သိပ္ပံနည်းကျ အထောက်အထားများ မရှိကြောင်း၊ ကိုယ်ဝန်ဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထားလျှင် ကာကွယ်ဆေးကြောင့် အန္တရာယ် မဖြစ်စေကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ကာကွယ်ဆေးကို ကိုယ်ဝန်မရှိမီကတည်းက ထိုးထားလျှင် အကောင်းဆုံး ဖြစ်သော်လည်း ကိုယ်ဝန်ဆောင် ထားချိန်တွင်လည်း ကာကွယ်ဆေးရရှိသည့်အချိန်၌ ထိုးနှံထားရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးနှင့် သန္ဓေသား ချက်ကြိုးအန္တရာယ်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း မရှိသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် မီးဖွားချိန်တွင် ကလေးအဖတ်မတင်နိုင်ခြေ မြင့်မားတတ်ကြောင်း အမေရိကန် သုတေသီများက ဆိုသည်။
ချက်ကြိုးကိုကျော်လွှား၍ သန္ဓေသားကို ဒုက္ခပေးတတ်သော တခြားဗက်တီးရီးယား ကူးစက်မှု၊ ဗိုင်းရပ်စ် ကူးစက်မှုများနှင့်မတူဘဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက သန္ဓေသားချက်ကြိုး ထိခိုက်ပျက်စီးသွားနိုင်ကြောင်း အမေရိကန် သုတေသီများက တွေ့ရှိထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ချက်ကြိုးထိခိုက် ပျက်စီးချိန်၌ သန္ဓေသားတွင် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြတ်လပ်သွားတတ်ကြောင်း သတိပေးထားသည်။
သုတေသီများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသော အမျိုးသမီးများ၏ သန္ဓေသားချက်ကြိုးနမူနာများကို လေ့လာဆန်းစစ်ခဲ့ကြသည်။ လေ့လာမှုများအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော ချက်ကြိုးများတွင် သွေးကြောအတွင်း သွေးခဲများ ပေါ်ထွက်မှုနှင့် ပတ်သက်မှုရှိသည့် ဖိုင်ဘရင်း(Fibrin) ခေါ် ပရိုတင်းတစ်မျိုး ထွက်ပေါ်မှု မြင့်မားလာပြီး ချက်ကြိုးတစ်လျှောက် သွေးနှင့် အောက်ဆီဂျင်ဖြတ်သန်းမှုကို ပိတ်ဆို့ထားတတ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်ခြေ သို့မဟုတ် လမစေ့မီ ကလေးမီးဖွားနိုင်ခြေ တွေ့ကြုံရနိုင်ကြောင်း WHO (Myanmar) မှ ထုတ်ပြန်ထားသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ပြီး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးထားသင့်သည်။ နို့တိုက်မိခင်များလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသင့်သည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် ထွက်ရှိလာမည့် ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ (Antibodies) သည် ကလေးနို့တိုက်နေရသည့် မိခင်ကို ကာကွယ်ပေးနိုင်သကဲ့သို့ မိခင်နို့ရည်မှတစ်ဆင့် ကလေးထံသို့ ရောက်သွားနိုင်ပြီး ကလေးကိုလည်း အလိုအလျောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာရောက်သည်။
ကိုယ်ဝန်ဆောင်စဉ် ကူးစက်ခံရလျှင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ရေရှည်ခံစားရနိုင်
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ မိခင်လောင်းများအနက် ၉ ရာခိုင်နှုန်းခန့်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ခြောက်လနှင့် ခြောက်လအထက်ထိ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဆက်လက်ခံစား ရကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သုတေသနပညာရှင်များက ဆိုသည်။ အဆိုပါမိခင်လောင်းများတွင် တွေ့ရအများဆုံး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများမှာ မောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းတို့ဖြစ်ပြီး လှုပ်လှုပ်ရှားရှား လုပ်မိပါက ရောဂါပြင်းထန်လာတတ်သည်။
အမေရိကန်သုတေသီများ၏ အဆိုအရ ကိုယ်ဝန်ဆောင်စဉ် ကာလ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားရာတွင် ရောဂါပြင်းထန်သူ အမျိုးသမီးများ၌ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ရေရှည်ခံစားရနိုင်ခြေပိုများကြောင်း သိရသည်။ ယင်းသုတေသီများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့် မိခင်လောင်းဦးရေ ၁၅၀၀၀ ကိုလေ့လာပြီးနောက် တွေ့ရှိချက်ကို ယခုကဲ့သို့ တင်ပြခြင်းဖြစ်သည်။
ဆေးအကြိမ်ပြည့် ထိုးနှံသင့်သောအကြောင်းရင်း
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးချိန်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၌ ခုခံအားစနစ်တုံ့ပြန်မှုမှာ မိခင်လောင်းဘ၀ မရောက်သေးသူ အမျိုးသမီးများထက် ပိုမိုနှေးကွေးကြောင်း အမေရိကန်နိုင်ငံ မန်ဆာချူးဆက် ပြည်နယ် ဆေးရုံကြီးမှ သုတေသီများက အတည်ပြုပြောကြားသည်။ အဆိုပါ သုတေသနပြုရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးသည့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် မိခင်လောင်း မဟုတ်သူများကို အုပ်စုသုံးစုခွဲ၍ နှိုင်းယှဉ်လေ့လာခဲ့ကြသည်။
လေ့လာချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးချိန်တွင် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏ ဗိုင်းရပ်စ်ဆန့်ကျင်ရေး ပဋိပစ္စည်းများပေါ်ထွက်လာမှုသည် ပုံမှန်အမျိုးသမီးများထက် ပိုမိုနည်းပါးနေကြောင်း သိရသည်။ သို့ရာတွင် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပြီးချိန်တွင် မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ၏ ဗိုင်းရပ်စ် ဆန့်ကျင်ရေး ပဋိပစ္စည်း ပေါ်ထွက်မှုသည် သာမန်အမျိုးသမီးများနှင့် တန်းတူ ပုံမှန်အခြေအနေသို့ ရောက်ရှိတတ်ကြောင်း သုတေသီများက အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ လက်ရှိ ကိုယ်ဝန်ဆောင်နေသူများနှင့် နို့တိုက်မိခင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ အကြိမ်ပြည့် ထိုးနှံထားသင့်သည်။
ဆေးထိုးပြီးနောက် လိုက်နာရန်အချက်အလက်များ
ကာကွယ်ဆေးထိုးပြီးသောအခါ ဆေးထိုးထားသည့် နေရာကိုမခြေပါနှင့်။ မပွတ်ပါနှင့်။ အကယ်၍ အလွန်နာကျင်နေပါက ရေခဲကပ်ပေးနိုင်သည်။ ဆေးထိုးပြီး နောက်ပိုင်းရက်များတွင် အညိုအမည်း စွဲနေပါကလည်း ရေခဲကပ်နိုင်သည်။ ဆေးထိုးထားသည့်လက်မောင်းအား ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်းကိုရှောင်၍ ပုံမှန်နေ့များအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဆေးထိုးပြီးနောက် ရေချိုးနိုင်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ရေချိုး၍ မဖျားနာနိုင်ပါ။ ရေများများ သောက်ပါ။ အာဟာရပြည့်ဝအောင်စားပြီး အနားယူပါ။ ဆေးထိုးပြီးနောက် နို့တိုက်မိခင်များက ပါရာစီတမောသောက်နိုင်သည်။ သို့သော် ကိုယ်ဝန်ဆောင်များ သောက်သင့်/မသောက်သင့် သက်ဆိုင်ရာ ဆရာဝန်နှင့် ဆွေးနွေးပါ။
ဆေးထိုးပြီးလည်း မပေါ့ဆသင့်
ဖြစ်နိုင်ခြေနည်းသော်လည်း ဆေးထိုးပြီးသူတချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ခြေရှိသည်။ ကာကွယ်ဆေးများ၏ သဘောသဘာဝအရ မည်သည့်ကာကွယ်ဆေးမဆို ရာနှုန်းပြည့် မကာကွယ်နိုင်ပေ။
သတိထားရမည့် အချက်မှာ ကာကွယ်နိုင်စွမ်းသည် မိမိထိုးနှံထားသော ကာကွယ်ဆေးအမျိုးအစား၏ အာနိသင်နှင့် သက်ဆိုင်သကဲ့သို့ မိမိ၏ ကိုယ်ခံအားစနစ်နှင့်လည်း သက်ဆိုင်နေသည်။
ထို့ပြင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များ ထပ်ခါထပ်ခါ ပေါ်ထွက်နေသည့် အတွက်ကြောင့်လည်း ဆေးကို အကြိမ်ပြည့်ထိုးနံှပြီးသော်လည်း ရောဂါကူးစက်ခံရနိုင်ခြေရှိသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးနောက် ပေါ့ပေါ့ဆဆမနေသင့်ဘဲ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ပြုမူနေထိုင်ရမည်ဖြစ်သည်။ ကာကွယ်ဆေးများက ရောဂါကို ရာနှုန်းပြည့် မကာကွယ်နိုင်သော်လည်း ဆေးထိုးခြင်း၏ အားသာချက်အဖြစ် အကယ်၍ ကူးစက်ခံရပါက ရောဂါလက္ခဏာပြင်းထန်မှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်သည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နို့တိုက်မိခင်များသည် ဖျားနာခြင်း ဝေဒနာခံစားရပါက မိမိသဘောဖြင့် ဆေးသောက်ခြင်းမပြုသင့်ဘဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများထံ ပြသကာ ကုသမှုခံယူသင့်သည်။ ထို့ပြင် မိသားစု ဘဝနောင်ရေး စိတ်အေးရအောင် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ လက်ရှိကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန်နှင့် ကိုယ်ဝန်မရှိသော(ပုံမှန်) အမျိုးသမီးများ အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့်နေ့တွင် ဓမ္မတာ လာနေသော်လည်း နောက်ဆက်တွဲဆိုးကျိုး လုံးဝမရှိစေဘဲ စိတ်ချလက်ချ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း အသိပေး ရေးသားလိုက်ရပါသည်။
ပေါက်ပေါက်