လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန် ထိုင်းက မိုးအတုဖန်တီးမည်

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန် ထိုင်းက မိုးအတုဖန်တီးမည်

 

    ထိုင်းအစိုးရသည် နိုင်ငံအတွင်း၌ဖြစ်ပွား သည့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပူပြင်း ခြောက်သွေ့မှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန်အတွက် လူသားဖန်တီးထားသည့် မိုးတိမ်များဖြစ်ပေါ်စေရန်နှင့် မိုးအတုရွာသွန်းစေရန် အတွက် လေယာဉ်အစင်းပေါင်း ၃၀ ကိုအသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် အဆိုပါမိုးတုဖန်တီး မည့်အစီအစဉ်ကို မိုးခေါင်မှုဖြစ်ပွားနိုင်သည့် နိုင်ငံအတွင်းရှိ အဓိက စိုက်ပျိုးရေးဒေသများ၌ ဖေဖော်ဝါရီလ ၂၉ ရက်တွင် စတင်ခဲ့ ခြင်းဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါအစီအစဉ်ကို ပြည်နယ် ၇၇ အတွင်း ၌  အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဌာန ၇ ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

မိုးတုဖန်တီး၍  ရွာသွန်းစေခြင်းသည် ထိုင်းစိုက်ပျိုးရေး ကဏ္ဍအပေါ် ကျရောက်လာသည့် သက်ရောက်မှုကို လျှော့ချရန် အတွက် မရှိမဖြစ် လိုအပ်သည့် ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အချို့ဒေသများ၌ ရာသီဥတု ပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းခြင်းကိုလည်း  တားဆီးနိုင်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် နွေရာသီသည် ဖေဖော်ဝါရီလ ၂၁ ရက်တွင်စတင်ပြီး မေလလယ်အထိ ကြာမြင့်မည်ဖြစ်ရာ ယခုနွေရာသီအတွင်း အချို့ဒေသများတွင် အပူချိန်သည်  ၄၄ ဒသမ ၅ စင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း  သိရသည်။