ချယ်လ်ဆီးအသင်းက လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ကစားသမားလေးဦးကို ရောင်းချရန် အရောင်းစာရင်း တင်သွင်း

 

ချယ်လ်ဆီးအသင်းက လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ကစားသမားလေးဦးကို ရောင်းချရန် အရောင်းစာရင်း တင်သွင်း

 

    ချယ်လ်ဆီးအသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ကွင်းလယ်ကစားသမား နှစ်ဦးဖြစ်သည့်   ဂယ်လာဟာနှင့် ဘရိုဂျာ၊ ခံစစ်ကစားသမား နှစ်ဦးဖြစ်သည့်   ကူကူရယ်လာနှင့် ချာလိုပက်တို့ကို ရောင်းချရန် အရောင်း စာရင်း တင်သွင်းခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင် တော့ဘိုလီဖြစ်လာပြီးနောက် အပြောင်းအရွှေ့ကာလများတွင် ပြောင်းရွှေ့ကြေး အများအပြား အသုံးပြုကာ   ကစားသမားသစ်များ ခေါ်ယူထားသော်လည်း     လက်ရှိအချိန်ထိ  ရုန်းကန်နေရသောကြောင့် အသင်းပိုင်ရှင် တော့ဘိုလီက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင်   အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်လိုသည့်အတွက် အသင်းမှ ကစားသမားများကို ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ကစားသမားများအတွက် များပြားသည့် ပြောင်းရွှေ့ကြေးများ   အသုံးပြုထားသဖြင့်   အသင်းဘဏ္ဍာရေး စည်းမျဉ်းနှင့် ငြိစွန်းနိုင် သည့် အခြေအနေများကြောင့် အသင်းမှ ကစားသမားများကို  ရောင်းချပြီး  ဝင်ငွေရှာဖွေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီက အသင်းဝင်ငွေအများအပြား ရရှိရန် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားများကို ရောင်းချရာတွင် ပြောင်းရွှေ့ကြေး မပေးချေရသည့် အသင်းအကယ်ဒမီထွက် ကစားသမားများကို ဦးစားပေး ရောင်းချလိုသောကြောင့် အကယ်ဒမီထွက်ကစား သမားများဖြစ်သည့် ချာလိုပက်၊ ဘရိုဂျာ၊ ဂယ်လာဟာ နှင့် ကူကူရယ်လာတို့ကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂယ်လာဟာသည် ချယ်လ်ဆီးအသင်းတွင် ဒုတိယအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော်လည်း  ပြီးခဲ့သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလကတည်းက ၎င်းကိုရောင်းချရန် ချယ်လ်ဆီးအသင်းက  ပြင်ဆင်လျက် ရှိကြောင်း သိရသည်။