ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်ပွဲ ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်ပွဲ ကျင်းပ

 

ရန်ကုန်  မတ်  ၁

    ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့်   ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး   သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ  အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဖိတ်ကြားထားသူများက Fitness ၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ဓားခုတ်နှင့် ကျွမ်းဘားအားကစားအဖွဲ့များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ သင်တန်းဖွင့်လှစ်တာ ၇၅ နေရာရှိပါတယ်။ အဲဒီမှာ အားကစားနည်း ၂၂ နည်းနဲ့ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အခုလက်ရှိ အနေအထားမှာတော့ သင်တန်းသား ၃၃၅၀ ဦး ရရှိထားပါတယ်။ ပညာရေးကနေပြီး  စာမေးပွဲတွေပြီးရင်  ဆက်ပြီးတော့ အင်အားတွေ ထပ်တိုးလာမှာဖြစ်ပါတယ်။

လူငယ်တွေ ဗလငါးတန်နဲ့ဖွံ့ဖြိုးဖို့နဲ့ မျိုးဆက်သစ် အားကစားသမားများ ရရှိရေး၊ ရွက်ပုန်း သီးကစားသမားတွေ နွေရာသီသင်တန်းကနေပြီးတော့ ထွက်ပေါ်လာဖို့ ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ပြောသည်။

အဆိုပါ နွေရာသီအခြေခံ သင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဝူရှူး၊မြန်မာ့သိုင်း၊ ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို အပါအဝင် အားကစားနည်း ၂၂ နည်းပါဝင်ပြီး မတ်လ ၃၁ ရက်ထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။  ယင်းသင်တန်းများပြီးပါက  သင်္ကြန်ကာလ  ခေတ္တနားကာ အဆင့်မြင့်သင်တန်းများ ဆက်လက်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း   သိရသည်။