လယ်ယာကဏ္ဍအားထား တောင်သူလယ်သမားဦးကြီးများ

 

လယ်ယာကဏ္ဍအားထား တောင်သူလယ်သမားဦးကြီးများ

 

(တောင်သူလယ်သမားနေ့ ဂုဏ်ပြုဆောင်းပါး)

 

    မြန်မာ့မြေယာကောင်းတွင် ပါဝင်သည့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်များသည် စားဝတ်နေရေး ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်သည်။ လယ်ယာလုပ်ငန်းမှတစ်ဆင့် ဆန်စပါးသည် မြန်မာလူမျိုးများ အဓိက အားထားစားသုံးသည့်   နေ့စဉ်ရိက္ခာဖြစ်သည်။

အလားတူ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် နှမ်း၊မြေပဲ စားသုံးဆီတို့သည်လည်း နေ့စဉ်ရရှိမည့် ဟင်းတစ်ခွက် ဖြစ်စေသည်။ ဝါစိုက်ပျိုးခြင်းကြောင့် အဝတ်အထည် ဖန်တီးထုတ်လုပ်နိုင်သည်။ နေ့စဉ်ဘဝ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် မြန်မာ့လယ်ယာမြေတစ်ခွင် ပဲ့ကိုင်ရှင်တောင်သူလယ်သမား ဦးကြီးများ၏ ကာယ၊ဉာဏစိုက်ထုတ်အောင်မြင်မှု ရလဒ်များဖြစ်ခြင်းကြောင့် ကမ္ဘာတည်သရွေ့ ကျေးဇူးတင်ရှိရမည့် လယ်ယာမြေကို ကိုယ်စားပြုသည့် တောင်သူလယ်သမား ဦးကြီးများဖြစ်ပါသည်။

 နိုင်ငံတော်အနေဖြင့် နေ့စဉ်ဘဝ လိုအပ်ချက်များပီပြင်စွာ   အကောင်အထည် ဖော်ဆောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု အတိအလင်း ဖော်ပြထားရှိသည်။ ထို့အတူ စီးပွားရေး မူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက် ရရှိစေရေး၊    ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့်  ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာ ရရှိရေး၊ နည်းစနစ်တကျ စိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျအကောင်အထည် ဖော်ဆောင်ပြီး လယ်ယာစီးပွားခေတ်ကို ထူထောင်နိုင်ပေသည်။ လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအား ကောင်းမွန်မှုနှင့်  အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီအောင်မြင်မှုရရှိရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊အားသာချက်များကို အချိန်မီပြုပြင်ရန်၊စိုက်နည်းစနစ် ကောင်းများကို  အားထားရန် လိုအပ်ပေသည်။ ပြောင်းလဲနေသည့် ရာသီဥတုအလိုက်   ရေမြေဒေသနှင့် ကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံး   မျိုးကောင်းမျိုးသန့်များကို  စိုက်ပျိုးရမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲနိုင်ရေး သီးနှံအလိုက် မျိုးသန့်မျိုးစေ့များ ထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်များ အကြောင်း တောင်သူများပိုမိုသိရှိစေရေး  မျိုးစေ့ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။

နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ  ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားရေရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့်   တောင်သူလယ်သမားကြီးများကို ပံ့ပိုးကူညီလျက်ရှိသည်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတွင်လည်း တစ်ဧကချင်း အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများဖြစ်သည့် ဈေးကွက် သုတေသန၊  စိုက်ပျိုးရေးသုတေသန၊  မွေးမြူရေး သုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသန လုပ်ငန်းများကို အားပေးလျက် ရှိပြီး စားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေနှင့်ရေအရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား ခေတ်မီ နည်းစနစ်များဖြင့်  စနစ်တကျ စီမံလျက်ရှိသည်။

တောင်သူလယ်သမား ဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရေး ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင် လုပ်ငန်းကြီးများ ထိန်းသိမ်းမွမ်းမံခြင်း၊ ရေလိုအပ်ချက် နည်းသောသီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကိုချွေတာ သုံးစွဲနိုင်သည့် ခေတ်မီရေသွင်းကိရိယာများ အသုံးပြုစိုက်ပျိုးခြင်းအစရှိသော ရေအသုံးချမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သရုပ်ပြပွဲများ ဆောင်ရွက်လျက်ရှိသည်။ မိုးရွာသွန်းမှု လျော့နည်းလာသည့် အလျောက် မြစ်များ၊ ချောင်းများ၊မြောင်းများ အတွင်း ရေသိုလှောင်နိုင်ရေး အတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ အသုံးပြုခြင်း၊ စိုက်ပျိုးရေကို ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကို လယ်သမားများ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေမည့် ရေအသုံးချသူများ အဖွဲ့ (Water User Group- WUG) နှင့် ရေအသုံးချသူများ အသင်း (Water User Association- WUA) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်(၃)ရပ်တွင် “တိုင်းပြည်သာယာ ဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေး တို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး။”ဟူ၍ပါရှိသဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍမှ ဘက်စုံဖွံ့ဖြိုးရေး ဦးတည်ချက်နှင့်အညီ လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ပဲမျိုးစုံ၊ ကြံအစရှိသည့် သီးနှံများယှဉ်ပြိုင် စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင် သီးနှံ၊ စီမံကိန်းသီးနှံများလည်း စိုက်ပျိုးကြရမည် ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ဆောင်းပဲတီ၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး သီးနှံအလိုက်ဧက တိုးချဲ့ရေးသာမက  ဒေသရေမြေအလိုက်  သီးထပ်စွမ်းအား မြှင့်တင်ရေးနှင့် အထွက်နှုန်း တိုးတက်ရေးသည် သီးနှံထုတ်လုပ်မှု လုပ်ငန်းများအတွက် အထွက်နှုန်းနှင့် ဝင်ငွေ တွက်ခြေကိုက်မှုကိုဖြစ်စေသည်။  စက်မှုလယ်ယာ တစ်ခေတ်ကူးပြောင်း ဆောင်ရွက်မှုအနေဖြင့် တောင်သူများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ကိုင်သူများကို  ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြံနှင့် အာလူးသီးနှံများကို Fully Mechanized ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ လယ်ထွန်စက်များကို ထွန်နှင့်ထယ်နှစ်မျိုးသာ အသုံးပြုလျက်ရှိရာမှ မြေပြင်၊ မျိုးစေ့ချ၊ ကြားပေါင်းလိုက်၊ ဆေးဖျန်း၊ ရိတ်သိမ်းအစအဆုံးထွန်စက်နှင့် နောက်တွဲကိရိယာများ အသုံးပြုခြင်း၊ အသစ်တီထွင် ထုတ်လုပ်သည့်     ကောက်စိုက်စက် အသုံးပြုခြင်းများ၊  သရုပ်ပြပွဲများ၊  သင်တန်းများ ပြုလုပ်ခြင်း၊    “တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel)” ထုတ်လွှင့်ခြင်း၊ လယ်ယာစီးပွား သတင်းစာစောင်များ ထုတ်ဝေခြင်း လုပ်ငန်းများကို တောင်သူအကျိုးငှာ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင်  စားနပ်ရိက္ခာဖူလုံရေး၊  အာဟာရပြည့်ဝစွာ ရရှိရေး  ကြွေးကြော်သံများဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထောင်စုနှစ် ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ်ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊အစားအစာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ဦးစားပေး ဆောင်ရွက်မှုများ ပါဝင်သဖြင့် ဘေးကင်းလုံခြုံသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agriculture Practices-GAP   နှင့် အော်ဂဲနစ်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို  လေ့ကျင့်ဖော်ဆောင်ရမည်ဖြစ်သည်။    သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားလာစေရေး၊    အထွက်နှုန်း ပိုမိုရေးအတွက် သီးထပ်သီးညှပ် စိုက်ပျိုးရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ဘေးကင်းလုံခြုံသည့် သီးနှံထုတ်ကုန်များ ဖြစ်ထွန်းစေရေး အော်ဂဲနစ်သီးနှံ စိုက်ပျိုးခြင်း၊ သစ်စိမ်းနှင့် ဇီဝမြေသြဇာသုံးစွဲခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

မျှော်မဆုံးနိုင်သည့် လယ်ကွက်များပေါ်တွင် ကွင်းလုံးပြည့် စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ ရောက်ရှိရေးမှာ တောင်သူလယ်သမားဦးကြီးများ၏ ဦးဆောင် ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်သည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက် ရရှိရေး၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေး ကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေး အတွက် အရေးပါသော အချက်အချို့ဖြစ်ပါသည်။ ထို့အတူ စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း အဆင့်ဆင့်တိုးတက် လာမည်ဆိုပါက အလေအလွင့်နည်းပါးလျက် အကျိုးအမြတ်များလည်း ပိုမိုရရှိစေမည်ဖြစ်သည်။  ထို့အတူပင်  လယ်ယာထွက်ကုန် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကို ဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘဝအနာဂတ် ပိုမိုလှပလာမည့် သင်္ကေတတစ်ခုဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမားဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့်   တိုးတက်မှုဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံ စိတ်ချရသည့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာ ထုတ်လုပ်ခြင်းဖြစ်စဉ်များ၊ ခိုင်မာသော ဈေးကွက် ချိတ်ဆက်တင်ပို့နိုင်မည့်  အခွင့်အရေးများစွာဖြင့် ရွှေတံခါးကြီးပွင့်လာမည့် အချိန်ကာလ၊ ကွင်းလုံးပြည့်စိမ်းလန်းခြင်း နည်းပညာများဖြင့် ရိုးသားဖြူစင်သည့် မြန်မာ့တောင်သူလယ်သမား တစ်ဦးချင်းဝင်ငွေ တိုးပွား နိုင်မည်ဖြစ်ပါကြောင်း   ယုံကြည်မျှော်လင့်လျက် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့  အချိန်အခါသမယကို  ဂုဏ်ပြုလိုက်ရပါသည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)