မီးရေတံခွန်အဖြစ် ပြောင်းသွားတဲ့ ကယ်လီဖိုးနီးယားက ရေတံခွန်

 

မီးရေတံခွန်အဖြစ် ပြောင်းသွားတဲ့ ကယ်လီဖိုးနီးယားက ရေတံခွန်

 

    ကယ်လီဖိုးနီးယားပြည်နယ် ယိုဆီမိုက်အမျိုးသား ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေဟာ  ရှားပါးဖြစ်စဉ် တစ်မျိုးနဲ့တွေ့ကြုံခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်ကတော့ အမျိုးသားဥယျာဉ်မှာ ရှိနေတဲ့ရေတံခွန်က မီးရေတံခွန်အဖြစ်ကို ပြောင်းလဲသွားလို့ပါပဲ။  ဒီဖြစ်စဉ်ဟာ အလည်အပတ် လာသူတွေကြား အပြောများပြီး  တကယ့်ကိုစွဲမက်ဖွယ်ကောင်းတဲ့ မြင်ကွင်းအဖြစ်ကို ပြောင်းလဲသွားတာပါ။

ဒီရေတံခွန်ကို မြင်းမြီးလို့ခေါ်ပါတယ်။ မြင်းမြီးရေတံခွန်ဟာ ဖေဖော်ဝါရီလရောက်မှသာ  မီးရေတံခွန်အဖြစ်ကို အကြိမ်ရေအနည်းငယ်မျှ ပြောင်းလဲလေ့ရှိပါတယ်။

မြင်းမြီးရေတံခွန်အနေနဲ့ မီးရေတံခွန် အဖြစ်ကိုပြောင်းသွားရတဲ့  အကြောင်းရင်းကတော့ သူ့အပေါ်ကို အလင်းပြန်လာတဲ့ နေရောင်ခြည် ကျရောက်ခြင်းကြောင့်ပါပဲ။

ဒီလိုမျိုးအလင်းပြန်လာတဲ့ နေရောင်ခြည်က  စီးကျနေတဲ့ရေတံခွန်အပေါ် ကျရောက်သွားတဲ့အခါ ရေတံခွန်ဟာ  မီးလျှံတွေ စီးဆင်းနေသလိုဖြစ်တဲ့ မီးရေတံခွန်အဖြစ်ကို ပြောင်းလဲသွားရတာဖြစ်ပါတယ်။

များသောအားဖြင့် ရေတံခွန်ပေါ်ကို တိမ်တိုက်ရဲ့အရိပ်က ကျရောက်နေလေ့ ရှိတာကြောင့် အခုလိုမျိုး အခြေအနေမျိုးကို အမြဲတမ်း မြင်တွေ့ရလေ့ မရှိပါဘူး။