မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပမည်

 

မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပမည်

 

ရန်ကုန်  မတ်  ၃

    မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေရှိ ရွှေကြာပင်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ  ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသမီးသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများ ထည့်သွင်းပါဝင်ကာ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆု ၃၅ သိန်း၊ ဒုတိယဆု ၂၅ သိန်းနှင့် တတိယဆု ၁၅ သိန်း၊ အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆု ၃၀ သိန်း၊ ဒုတိယဆု ၂၀ သိန်းနှင့် တတိယဆု ၁၀ သိန်း၊ အမျိုးသမီးသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ ဆု ၂၅ သိန်း၊ ဒုတိယဆု ၁၅ သိန်းနှင့် တတိယဆု ၁၀ သိန်းချီးမြှင့်မည် ဖြစ်သည်။

ပြိုင်ပွဲအတွက်  မည်သူမဆိုပါဝင်၍  အသင်းအား ဖွဲ့စည်းယှဉ်ပြိုင် ကစားခွင့်ရှိကြောင်း၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲအတွက် အသင်းတွင် ပြည်ပနိုင်ငံသား နှစ်ဦး ဖွဲ့စည်း ယှဉ်ပြိုင်နိုင်ကြောင်းနှင့် အမျိုးသား  လေးယောက်တွဲပြိုင်ပွဲအတွက် အသင်းတွင် ပြည်ပနိုင်ငံသားသုံးဦး ဖွဲ့စည်း ယှဉ်ပြိုင်နိုင်ကြောင်းလည်း သိရသည်။

အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ/အမျိုးသား လေးယောက်တွဲပြိုင်ပွဲများ အတွက် ပြိုင်ပွဲဝင်အသင်း ၂၄ သင်းသာ လက်ခံ၍ ပြိုင်ပွဲကျင်းပ သွားမည်ဖြစ်ကာ   အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲအတွက်လည်း ပြိုင်ပွဲဝင်အသင်း အများဆုံး အသင်းရှစ်သင်းဖြင့်သာ  လက်ခံကျင်းပသွားမည်ဖြစ်၍ ပထမဦးစွာ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းသည့် အသင်းများကိုသာ ရွေးချယ်လက်ခံ သွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၁၂ ရက် နောက်ဆုံးထား စာရင်းပေးသွင်းကြရမည်ဖြစ်သည်။ ပြိုင်ပွဲအား အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ဦးမြတ်မင်းသိုက် ဖုန်း-၀၉-၇၉၉၀၈၂၁၀၇ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ သိရသည်။