လေထုအညစ်ညမ်းဆုံးမြို့ စာရင်းထိပ်ဆုံးသို့ ဟနွိုင်းမြို့ရောက်ရှိ

 

လေထုအညစ်ညမ်းဆုံးမြို့ စာရင်းထိပ်ဆုံးသို့ ဟနွိုင်းမြို့ရောက်ရှိ

 

    ဗီယက်နမ်နိုင်ငံ  မြို့တော်ဟနွိုင်းတွင် မော်တော်ယာဉ်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ရှိသည့် မီးခိုးများနှင့် အမှုန်များကြောင့် မြို့တော်မှာယခုအခါ လေထုအညစ်ညမ်းဆုံး မြို့စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။

ဟနွိုင်းမြို့တွင်  လေထုညစ်ညမ်းမှုကြောင့်  မတ်လ ၄ ရက်တွင် မြူခိုးများ ထူထပ်စွာ   ဖြစ်ပေါ်ကျဆင်းလာခဲ့ရာ မြို့တော်အတွင်းရှိ  ပြည်သူများသည် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို သဲကွဲစွာ မြင်တွေ့နိုင်ခြင်း မရှိကြောင်း မြို့တော်နေပြည်သူ တစ်ဦးကပြောသည်။ မြို့တော်၌ မြူခိုးများ  ထူထပ်စွာ ကျဆင်းခြင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း  အသက် ၅၈ နှစ်အရွယ်ရှိ ဟနွိုင်းမြို့ခံ တစ်ဦးဖြစ်သူ ဒေါင်ကင်အုန်းက ဆက်ပြောသည်။

ဟနွိုင်းမြို့တော်ရှိ   လေထုအတွင်း၌ အမှုန်ပါဝင်မှုသည် ကုဗတစ်မီတာလျှင် ၁၈၇ မိုက်ခရိုဂရမ်အထိ  ပါဝင်လျက်ရှိရာ ယင်းပမာဏသည်  လေထုညစ်ညမ်းမှု ဖြစ်ပွားသည့်မြို့များအနက် အမြင့်မားဆုံး အဆင့်ဖြစ်ကြောင်း  တစ်ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှု သတင်းအချက်အလက်များကို ဖော်ပြပေးသည့် AirVisual၏ ဖော်ပြချက်အရ သိရသည်။

ဟနွိုင်းမြို့တော်တွင်    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြူခိုးများ ထူထပ်စွာကျဆင်းပြီး လေထုညစ်ညမ်းမှုကြောင့်   မြို့တော်သို့ပျံသန်းလာမည့် လေကြောင်းခရီးစဉ် သို့မဟုတ် မြို့တော်မှ ထွက်ခွာမည့် လေကြောင်းခရီးစဉ် ၁၀၀နီးပါးခန့်ကို ဖျက်သိမ်း သို့မဟုတ် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။