တောင်ကိုရီးယားနှင့် အမေရိကန်တို့က တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှု တစ်ရပ် စတင်လုပ်ဆောင်

 

တောင်ကိုရီးယားနှင့် အမေရိကန်တို့က တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှု တစ်ရပ် စတင်လုပ်ဆောင်

 

တောင်ကိုရီးယားနှင့်  အမေရိကန် ပြည်ထောင်စုတို့သည် ၎င်းတို့ကြား နှစ်စဉ်ကျင်းပမြဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်သည့်  Freedom Shield စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် တိုက်လေယာဉ်လေ့ကျင့် ပျံသန်းမှုတစ်ရပ်ကို မတ်လ ၄ ရက် တွင် ပြုလုပ်ခဲ့ကြောင်း  တောင်ကိုရီးယား လေတပ်၏  ထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟပ်သတင်း အေဂျင်စီက   ဖော်ပြသည်။

Buddy Squadron  ဟုအမည်ပေးထားသည့် အဆိုပါတိုက်လေယာဉ် လေ့ကျင့် ပျံသန်းရေး လေ့ကျင့်မှုကို ဆိုးလ်မြို့တော် တောင်ပိုင်းရှိ  အိုဆန်လေတပ်အခြေစိုက် စခန်းတွင်  စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုကို ငါးရက်ကြာ လုပ်ဆောင်မည်ဖြစ်သည်။

ယခုလုပ်ဆောင်သည့် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား၂၀၂၄  ခုနှစ်တွင် ပထမဆုံး လုပ်ဆောင်သည့် လေကြောင်း လေ့ကျင့်ပျံသန်းမှုဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် အမေရိကန်လေတပ်မှ   F-16 တိုက်လေယာဉ်များနှင့် တောင်ကိုရီးယား လေတပ်မှ F-15K တိုက်လေယာဉ်များ ပါဝင်ပြီး ခုခံကာကွယ်ရေးအတွက် လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် Buddy Squadron တိုက်လေယာဉ် လေ့ကျင့်ပျံသန်းရေး  လေ့ကျင့်မှုအပြင် အခြားစစ်ရေး လေ့ကျင့်မှု ၄၇ ခုကိုလည်း Freedom Shield စစ်ရေးလေ့ကျင့်မှုအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ဆက်လက် ဖော်ပြသည်။