ရီးယဲလ်မက်ဒရစ် အသင်းက ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံ တင်သွင်းမည်

 

ရီးယဲလ်မက်ဒရစ် အသင်းက ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံ တင်သွင်းမည်

 

    ရီးယဲလ်မက်ဒရစ်အသင်းက ဗလင်စီယာ အသင်းနှင့် ပွဲစဉ်တွင် အနီကတ်ပြသ ခံခဲ့ရသည့် အဓိက ကွင်းလယ် ကစားသမား    ဘယ်လင်ဟမ်၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

စပိန်လာလီဂါပွဲစဉ်(၂၇)အဖြစ် ကစားသည့် ရီးယဲလ် မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည့်ပွဲစဉ်၌ ပွဲချိန် မိနစ် ၉၀ အတွင်း   နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ပြီး  ပွဲချိန်   မိနစ် ၉၀ ပြီးဆုံးပြီးနောက် နာကျင်အချိန်ပို ခုနစ်မိနစ် ပေးခဲ့ရာ နောက်ဆုံးမိနစ်တွင် ဒီယက်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ဘယ်လင်ဟမ်က ခေါင်းတိုက်ဂိုးသွင်း ယူခဲ့သော်လည်း  ကွင်းလယ်ဒိုင်လူကြီး ဂျီးဆပ်ဂေးလ်က  ပွဲသိမ်းခရာ မှုတ်ခဲ့သည့်အတွက် ဂိုးအဖြစ် သတ်မှတ် မပေးခဲ့ခြင်း ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး    ဂျီးဆပ်ဂေးလ်အနေဖြင့် စည်းမျဉ်းစည်းကမ်းများအရ  နောက်ဆုံးမိနစ်တွင် ဘောလုံးကွင်း ဘေးထွက်သွားလျှင်  သို့မဟုတ် ခံစစ်ကစားနေသည့် အသင်း ဘောလုံးပြန်လည် ပိုင်ဆိုင်သည့်အချိန်မှသာ  ပွဲသိမ်းခရာ မှုတ်ရမည်ဖြစ်သော်လည်း  ဗလင်စီယာအသင်းက  ခံစစ်ကစားနေချိန် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ဆင်နေချိန်တွင်ပင်  ပွဲသိမ်းခရာ မှုတ်ခဲ့ခြင်းဖြစ်ပြီး ဂျီးဆပ်ဂေးလ် ပွဲသိမ်းခရာမှုတ်ခဲ့သည့်အချိန်သည်  ဘောလုံးလေထဲတွင် ရှိနေချိန်ဖြစ်သည့်အတွက် ဂျီးဆပ်ဂေးလ်က  ဂိုးမသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ် အသင်းကစားသမားများက အပြင်းအထန် စောဒကတက်မှု ပြုလုပ်သကဲ့သို့ ဘယ်လင်ဟမ် ကိုယ်တိုင်ကလည်း ၎င်း၏သွင်းဂိုးကို   ခွင့်မပြုခဲ့သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကြောင့် ကွင်းလယ် ဒိုင်လူကြီး ဂျီးဆပ်ဂေးလ်က တိုက်ရိုက်အနီကတ် ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါအနီကတ်ပြသ ခံရခြင်းကြောင့် ဘယ်လင်ဟမ်အနေဖြင့်   ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်သည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းကလည်း အယူခံ တင်သွင်းရန် ပြင်ဆင်ထားကြောင်း သိရသည်။