ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင် လေ့ကျင့်ရေးခရီး

 

ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင် လေ့ကျင့်ရေးခရီး

 

      မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ၁၂၆၀ ဒသမ ၀၅၆  ရေမိုင်ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်ပင်လယ်ရေ လမ်းကြောင်းများ ရှိခြင်းကြောင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွား ဖော်ဆောင်မှုအတွက်  သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် များစွာအရေးပါသည့် အားလျော်စွာ ရေကြောင်း ကုန်သွယ်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းများသည်  ပြည်တွင်းသယ်ယူ ပို့ဆောင်ရေးအတွက်သာမက ကမ္ဘာ့ကုန်သွယ်မှုများ၌ပါ နိုင်ငံ့စီးပွားရေးမြှင့်တင်မှု အခန်းကဏ္ဍများတွင် အရေးပါပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ မောင်းနှင်အားအဖြစ် ကျောထောက်နောက်ခံ ပြုလျက်ရှိပါသည်။  ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာလည်း ကုန်ကျစရိတ် အသက်သာဆုံးဖြစ်သည့် ပင်လယ်ရေကြောင်းဖြင့်ပင် သယ်ယူပို့ဆောင် ပေးကြရသည့်အတွက် ပင်လယ် ရေကြောင်း ကုန်သွယ်မှုသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြော တစ်ခုအဖြစ် အမြဲရပ်တည်လျက်ရှိသည်။

ရေကြောင်းဆိုင်ရာ အကျိုးစီးပွား မြှင့်တင်ရာတွင် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းများအတွက် အရည်အသွေးနှင့် အရည်အချင်းရှိသော ပင်လယ်ပြင်အသက်မွေး ဝမ်းကျောင်းပြုသူ(Seafarer)များကို နိုင်ငံတိုင်းတွင်  အစဉ်အမြဲ လိုအပ်လျက်ရှိနေပါသည်။ လူ့စွမ်းအားများ မွေးထုတ်ပေးရေးသည် နိုင်ငံ့မျှော်မှန်းချက်ဖြစ်သည် နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်လည်း လိုအပ်ပါမည်။ ထိုလိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ ဖြည့်ဆည်းပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် ရေကြောင်းပညာ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များကို  ၁၉၆၃ ခုနှစ်မှစတင်ကာ  ယနေ့အချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပြီး ရေကြောင်းပို့ဆောင်ရေး ကဏ္ဍများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိပါသည်။

သမိုင်းအစဉ်အလာ ကောင်းများနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖော်

      မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၏ သမိုင်းကြောင်းအရ ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန သုံးခုတို့ ပူးပေါင်းပြီး တပ်မတော်ရေတပ်လေ့ကျင့်ရေးကျောင်း(ဆိပ်ကြီး)တွင် ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းသား ၂၆ ဦးတို့နှင့် စတင်သန္ဓေတည်ကာ ရေကြောင်းပညာရပ်များကို သင်ကြားလေ့ကျင့် ပေးခဲ့ပါသည်။ ၁၉၇၂ ခုနှစ်မှစတင်၍ ရေကြောင်းပညာ သိပ္ပံအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အမည်ဖြင့် လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်၌ ရေကြောင်း အတတ်ပညာများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ သင်ကြားလေ့ကျင့်ပေးနေသည့် အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ အသိအမှတ်ပြုမှု ရရှိထားကာ သမိုင်းအစဉ်အလာကောင်းများ ရှိသော ကောလိပ်တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လျက်ရှိပါသည်။ 

  မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သည် ရေကြောင်းပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာ ပညာရပ်များနှင့် ရေကြောင်းလျှပ်စစ် နည်းပညာရပ်များကို အနိမ့်ဆုံး သင်္ဘောသားများ တတ်မြောက်ရန် လိုအပ်သည့် အခြေခံအဆင့်မှ အမြင့်ဆုံးရေယာဉ်မှူးကြီး၊ အင်ဂျင်နီယာမှူးကြီးများ တတ်မြောက်ရန် လိုအပ်သော အထက်တန်းအဆင့်အထိ  သင်ကြားပို့ချရန်နှင့် ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်များနှင့် စပ်လျဉ်း၍  သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်ထားရှိပြီး သင်ကြား လေ့ကျင့်ပေးလျက် ရှိပါသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်မှန်းကာ ရေကြောင်းဘက်ဆိုင်ရာမှာ မျိုးဆက်သစ် လူငယ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ ၁၉၆၃ ခုနှစ်ကတည်းကပင် ယနေ့အချိန်အထိ ရေကြောင်းအရာရှိလောင်း၂၈၅၅ ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းနှင့် ရေကြောင်းလျှပ်စစ် နည်းပညာ အရာရှိလောင်း ၂၈၁၂ ဦး  စုစုပေါင်း အရာရှိလောင်း ၅၆၆၇ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် ရေကြောင်းအရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉၁၀၇ ဦး၊ အခြားအဆင့်သင်္ဘောသား ၁၅၅၅၀၆ ဦးတို့ကိုလည်း  လေ့ကျင့်သင်ကြားပေးခဲ့ရာ စုစုပေါင်း ၂၇၇၆၉၅ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကျောင်းဆင်း အရာရှိလောင်း အားလုံးမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရာနှုန်းပြည့် ရရှိခဲ့ကြပါသည်။ ဤသို့ဖြင့်  နိုင်ငံသားတို့၏ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း သမိုင်းအထောက်အထား ကိန်းဂဏန်း အချက်အလက်များဖြင့် ပုံရိပ်ကောင်းများအား ဆက်လက်ဖော်ဆောင် ပေးလျက် ရှိပါသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သည်  Quality Management System(QMS)ကို          ထူထောင်ထားပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ISO 9001:2000 Certification လက်မှတ် (Certificate No. BGK 0403950))ကိုလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်တွင် ISO 9001:2008 Certification လက်မှတ်ကို လည်းကောင်း ရရှိခဲ့ပါသည်။ ယခုအခါတွင် (ISO 9001:2015) Quality Management System for Maritime Education Training လက်မှတ်(Certificate No.59571) )ကိုရယူထားပါသည်။  ISOက သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်  ISO ၏ စစ်ဆေးမှုများအပေါ် အောင်မြင်ခဲ့သည့် အသိအမှတ်ပြု လက်မှတ်များကို ရရှိထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အနေနှင့် အရာရှိလောင်းတို့အား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO)၏ ရေကြောင်းပညာရေးနှင့် လေ့ကျင့်ရေး စံချိန်စံညွှန်းများနှင့်အညီ သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး IMO ၏ Standards of Training Certification and Watch keeping for Seafarers (STCW Convention))နှင့်အညီ လိုက်နာ ဆောင်ရွက်ရပါသည်။ သို့ဖြစ်၍ အခြားသော ရေကြောင်းဘက်ဆိုင်ရာ အဖွဲ့အစည်းများနည်းတူ IMO ၏ သီးခြားလွတ်လပ်သော   အကဲဖြတ်အဖွဲ့(Independent Evalution Team)၏ ငါးနှစ်လျှင် တစ်ကြိမ် စစ်ဆေးမှုရှိပါသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်တွင် အရာရှိလောင်းများကို ခေတ်မီသင်ထောက်ကူ ပစ္စည်းများ၊ အဆင့်မြင့် Simulator များနှင့်သာမက လက်တွေ့ခန်း(Lab Room))များ၊ ရေကူးကန်၊ Smoke House နှင့် Work Shop များဖြင့် “သင်ကြားရေးနှင့်လေ့ကျင့်ရေး” - -''Education and Training တို့ကို ဟန်ချက်ညီညီ စနစ်တကျ သင်ကြားလေ့ကျင့်ပေးနေပါသည်။ ၎င်းအပြင် ပင်လယ်ပြင်ခရီးစဉ်တွင် အရာရှိလောင်းများ ကိုယ်တိုင် လက်တွေ့ကျကျ လေ့ကျင့်နိုင်ရန်(ef(Sea Training))ခရီးစဉ်ကိုလည်း ရေးဆွဲလျက် စာပေသင်ကြားခဲ့မှုနှင့် လက်တွေ့လုပ်ငန်းခွင် ဆက်စပ်သည့် စာတွေ့လက်တွေ့ ပေါင်းစပ်မှု၏ ဆန်းစစ်မှုကို ရေယာဉ်ပေါ်တွင် OnJob Training အဖြစ် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အရာရှိလောင်း  ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီး                                                                          

           ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)တို့၏ ကူညီပံ့ပိုးမှုတို့ဖြင့် အရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ရေး ခရီးစဉ်(၁/၂၀၂၄)ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ချင်းတွင်း)နှင့် “ရန်ကုန်-ကိုကိုးကျွန်း- ဟိုင်းကြီးကျွန်း-ရန်ကုန်”ခရီးစဉ်အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာ သွားရောက်လေ့ကျင့် ခဲ့ကြပါသည်။ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့သည့်အပြင် ထိထိရောက်ရောက် လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့၍ သင်တန်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးဖြစ်ထွန်းမှု များစွာရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ ရေကြောင်းပညာဌာနမှူး ကပ္ပတိန် ဦးကျော်ကျော်ဝင်း ကဦးဆောင်ပြီး အုပ်ချုပ်သူ၊ နည်းပြ ၂၀ ဦးတို့နှင့် အတူ ရေကြောင်းပညာ (Marine Electrical Technology) )အထူးပြုသင်တန်းသား ပထမနှစ် အရာရှိလောင်း ၁၂၁ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၉၀ ဦး၊  ရေကြောင်းအင်ဂျင်နီယာ (Maritime Technology))အထူးပြုသင်တန်းသား ပထမနှစ် အရာရှိလောင်း ၁၂၃ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၈၀ ဦး၊ ရေကြောင်းလျှပ်စစ် နည်းပညာ (Marine Electrical Technology)) အထူးပြုသင်တန်းသား  ပထမနှစ်နှင့် ဒုတိယနှစ် အရာရှိလောင်း ၄၇ ဦး စုစုပေါင်းအရာရှိလောင်း ၄၆၁ဦိးတို့လိုက်ပါခဲ့ကြကာ သက်ဆိုင်ရာ ရေကြောင်းပညာရပ်တို့ကို နိုင်ငံတော်က စီမံပေးခဲ့သော စစ်ရေယာဉ် (ချင်းတွင်း)ပေါ်တွင်     လက်တွေ့လေ့ကျင့်ခဲ့ကြပါသည်။

ပင်လယ်ပြင်လေ့ကျင့်ရေးခရီးစဉ်သို့ လိုက်ပါကြမည့် အရာရှိလောင်းတို့အား  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ချိတ်ဆက်ကာ စီစဉ်ထားသော မီနီဘတ်ကား ၂၂ စီးတို့ဖြင့် သီလဝါ၊ ဟွန်ဒိုင်းဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြပြီး  မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၂၃ ရက် မွန်းလွဲပိုင်းတွင် လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။ ဆိပ်ခံတံတားမှ ရေယာဉ်စတင်မထွက်ခွာမီ  ကျောင်းအုပ်ကြီးက  အရာရှိလောင်းတို့အား လမ်းခရီးတစ်လျှောက် ကြုံတွေ့လာနိုင်မှုများအပေါ် သတိပြုလိုက်နာ ဆင်ခြင်သင့်သည့် အချက်များကိုမှာကြားခဲ့ကာ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းမေတ္တာ စကား မြွက်ကြားခဲ့ပါသည်။ ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ဆိပ်ကမ်းမှစတင် ထွက်ခွာစဉ် ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊   ဝန်ထမ်းများက ပို့ဆောင်လက်ပြ နှုတ်ဆက်ခဲ့သလို  အရာရှိလောင်းများကလည်း   ပြန်လည်၍ လက်ပြနှုတ်ဆက်ခဲ့ကြပါသည်။

အရာရှိလောင်းတို့ လိုက်ပါလာသော ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြပြီး မွန်းလွဲ ၂ နာရီ မိနစ်၄၀ တွင် ကိုကိုးကျွန်းဆိပ်ခံတံတား၌ ဆိုက်ကပ်ရပ်နား ခဲ့သည်။ 

    ဖေဖော်ဝါရီလ ၂၅  ရက်နေ့  နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အရာရှိလောင်းတို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ အရာရှိကြီးများ၊ ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများက နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။ ထို့နောက်မြို့နယ်ခန်းမ၌   ကိုကိုးကျွန်းနှင့် ပတ်သက်သည့်  ဒေသန္တရ အချက်အလက်များ၊ သမိုင်းကြောင်းများကို  အရာရှိလောင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြား ခဲ့ကြပါသည်။

အရာရှိလောင်းတို့သည် ကိုကိုးကျွန်း ကမ်းခြေတစ်ဝိုက်ရှိ ဂျပန်ခေတ်က ခံကတုတ်ဘန်ကာများနှင့် မြို့နယ်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။ ထို့နောက် အရာရှိလောင်းများနှင့် အုပ်ချုပ်သူဆရာများက ကိုကိုးကျွန်းရှိ ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများသို့ လည်းကောင်း၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ မူကြိုကျောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးများသို့ လည်းကောင်း အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အရာရှိလောင်းတို့သည် ကိုကိုးကျွန်းကမ်းခြေ၏ ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင်သာယာ လှပမှုအောက်တွင် စီးမျောခံစားရင်း ရေကူးခြင်း၊ သဲသောင်ပြင်တွင် ပြေးလွှားခြင်းတို့ အပြင် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးစသည့် ကြိုက်နှစ်သက်ရာတို့ကို  ပျော်ရွှင်စွာ ကစားခဲ့ကြပါသည်။

ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တွင် ကိုကိုးကျွန်းမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး   ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ တွင် ဟိုင်းကြီးကျွန်း နယ်မြေခံရေတပ် စခန်းဌာနချုပ် ဆိပ်ခံတံတားသို့ ဆိုက်ကပ်ခဲ့ပါသည်။ ယင်းနေ့နံနက်တွင် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ခန်းမ၌ ဒုတိယဌာနချုပ်မှူးက အရာရှိလောင်းတို့အား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခြားတာဝန်ရှိသူ များက ဟိုင်းကြီးကျွန်းဆိုင်ရာ အချက်အလက်များ၊ မော်တင်စွန်းဘုရား၏ သမိုင်းကြောင်းများကို Power Point များနှင့်တကွ ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်၏  စီစဉ်ပေးမှုဖြင့် အုပ်ချုပ်သူ၊ နည်းပြများနှင့် အရာရှိလောင်းများသည် ဆံတော်ရှင်မော်တင်စွန်း ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ ကြပြီး ဘုရားဂေါပက လူကြီးများထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။  ထို့ပြင်  သမိုင်းဝင် သူရဲကောင်း မင်းရဲကောင်းပုံ၏ ကျူးကျော်သူနယ်ချဲ့တို့အား ချေမှုန်းတိုက်ခိုက်ခဲ့သော နေရာကိုလည်း ဝင်ရောက်လေ့လာခဲ့ကြပါသည်။ ညနေပိုင်းတွင် ပမ္မဝတီရေတပ်စခန်းက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် အရာရှိလောင်းများ ကိုယ်တိုင်ပါဝင်ကာ လှေလှော်ရွက်တိုက်ခြင်းကို လေ့ကျင့်ခဲ့ကြပါသည်။   ထို့နောက် စစ်ရေယာဉ် (ချင်းတွင်း)ပေါ်မှာပင် အသက်ကယ်လှေ(Life Boat)) တင်ချမှုလေ့ကျင့်ခန်းများတွင် အရာရှိလောင်းများအုပ်စုအလိုက် လက်တွေ့ပါဝင် လေ့ကျင့်စေခြင်း၊ ကျောက် တင်ကျောက်ချ ((Anchor Work)အကြောင်းများကိုလည်း လက်တွေ့ပြသ လေ့ကျင့်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင်  ဟိုင်းကြီးကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် သီလဝါ၊ ဟွန်ဒိုင်းဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိခဲ့ကြရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက အောင်သပြေပန်းများပေးအပ်ကာ  သောင်းသောင်းဖြဖြ   ကြိုဆိုခဲ့ကြပါသည်။

ဘာသာရပ်ဆိုင်ရာများ လေ့ကျင့်သင်ယူခဲ့ကြပုံ

      အရာရှိလောင်းတို့အနေဖြင့် Sea Training'' အဖြစ်သွားရောက်ခဲ့ကြသော အသွားအပြန်ရေမိုင်၆၀၀ ခရီးစဉ်၌ မိမိတို့ကောလိပ်၏ စာသင်ခန်းထဲ၌ လည်းကောင်း၊  Simulator များဖြင့် လည်းကောင်း သင်ကြားပြသခဲ့ပြီးဖြစ်သော သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့သင်ကြားမှုများကို ရေယာဉ်ပေါ်မှာ လက်တွေ့ကျကျ ဆန်းစစ်လေ့လာ သင်ယူလေ့ကျင့်ခဲ့ရသည့်အတွက် ထိရောက်သည့် သင်ကြားမှုကိုဖြစ်စေပါသည်။ ရေကြောင်းအရာရှိလောင်းတို့အား လူ ၂၀ စီ အုပ်စုငယ်များခွဲ၍  ရေကြောင်းဘက်ဆိုင်ရာ ဘာသာရပ်များ (Navigation)၊ ကမ်းရိုးတန်း သွားလာမှု(Coastal Navigation)?)၊ ရေယာဉ်ကိုင်တွယ် ထိန်းသိမ်းရေး(Ship Handling)၊  မိုးလေဝသဘာသာရပ် (Meotrology)တို့ကို   သက်ဆိုင်ရာ ရေကြောင်းဘာသာရပ်ပြ ကျွမ်းကျင်ဆရာများက လက်တွေ့ကျကျ သင်ပြခဲ့ကြပါသည်။ ထို့ပြင်  ကြယ်နက္ခတ်တာရာ ကြည့်ပြီး    ရေယာဉ်တည်နေရာရှာဖွေခြင်းနှင့် လမ်းကြောင်းရွေးချယ်ခြင်း(Position Finding and

Passage Planning)၊ ကြိုးချည်ကြိုးထိုး ဘာသာရပ်၊  အချက်ပြစနစ်များ   (Pyrotechnics)တို့ကိုလည်း လက်တွေ့ပြသ လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ ကျောက်တင်ကျောက်ချပုံ၊ အသက်ကယ်လှေချနည်း၊ ရွက်တိုက်နည်းကအစ ရေဒါ၊ GPS တို့ဖြင့် သင်္ဘောသွားလာမှု၊ ရေပုံ(Chart Work))ဖြင့် သင်္ဘောတည်နေရာ ရှာဖွေမှု၊ ခုတ်မောင်းမှုများကို လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များကို သက်ဆိုင်ရာ ဘာသာရပ်ပြ ကျွမ်းကျင်ဆရာများက လက်တွေ့ပြသခဲ့ခြင်း၊ အရာရှိလောင်းများ ကိုယ်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့ လုပ်ကိုင်စေခြင်းတို့အပြင်  ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း(Sea Training)တွင် ပင်လယ်ပြင်မသွားမီ ကြိုတင်ပြင်ဆင်မှု၊ ဆိပ်ကမ်းနှင့်ပဲ့စင်တာဝန် လုပ်ဆောင်မှုအပါအဝင် ပင်လယ်ပြင်နေ့စဉ် လုပ်ဆောင်မှု(Daily Sea Routine Work))တို့ကို လေ့ကျင့်သင်ယူခွင့် ရရှိစေခဲ့ကြပါသည်။

အလားတူ အင်ဂျင်နီယာ အရာရှိလောင်းများနှင့် ရေကြောင်းလျှပ်စစ် အရာရှိလောင်းများကိုလည်း ၁၀ ယောက် တစ်အုပ်စုစီခွဲ၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာများက လက်တွေ့သင်ကြား ပြသခဲ့ကြပါသည်။ စက်ခန်းသို့မဆင်းမီ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း((Safety Practice))များကို ရေယာဉ်မှ တာဝန်ရှိသူများက ရှင်းလင်းသင်ကြားပေးခြင်း အပါအဝင်  စက်ခန်း(EngineRoom)\)၏ဖွဲ့စည်း တည်ဆောက်ပုံ၊ စက်ပစ္စည်းများ၏ နေရာချထားမှုများ၊ စက်မကြီးနှင့် ဂျင်နရေတာများ၏ အလုပ်လုပ်ပုံ၊  အင်ဂျင်ပါရာမီတာ( Engine Parameter)များနှင့်   အရေးပေါ် အခြေအနေမျိုးတွင် လုပ်ဆောင်ရမည့် အချက်များ၊ မီးစက်နှစ်လုံးဝန်အား ချိတ်ဆက်မှု(Generator Synchronizing)၊ ကွန်ပျူတာစနစ်ဖြင့် စောင့်ကြည့်သည့် Control Room ၏ အလုပ်လုပ်ပုံစသည်ဖြင့်  အင်ဂျင်နီယာများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို လက်တွေ့သင်ကြား ပြသလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။  ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်၊ မော်တာများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို လက်တွေ့ကိုင်တွယ် မောင်းနှင်ပြခြင်းနှင့် အရေးပေါ်မီးသတ် လေ့ကျင့်ခန်းများကိုပါ  သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။

ရရှိသောအကျိုးကျေးဇူးများ

    ယခုပင်လယ်ပြင်  လက်တွေ့လေ့ကျင့်ရေး (Sea Training))ခရီးစဉ်သည် အရာရှိလောင်းများအား ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်၏ ဆက်စပ်ရေပြင်ရှိ ကိုကိုးကျွန်းဒေသသို့ သွားရောက်လေ့လာခွင့် ရရှိခဲ့သည့်အတွက် ဒေသန္တရဆိုင်ရာ ဗဟုသုတများစွာ ရရှိခဲ့ကြပါသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာတတ်သိမှု၊ ပင်လယ်ပြင်၏ သဘောသဘာဝအရ ပြောင်းလဲဖြစ်ပေါ်တတ်သည့် လှိုင်းလေအခြေအနေ အမျိုးမျိုးတွင် ရာသီမရွေး၊ နေ့ညမပြတ် တာဝန်ထမ်းဆောင်တတ်မှု စသည့် အားသာချက် အကျိုးကျေးဇူးများ ရရှိစေခဲ့ပါသည်။

အရာရှိလောင်းတို့အနေဖြင့်   သင်္ဘောသား တစ်ယောက် တတ်သိထားရမည့် ရေကြောင်းပညာရပ်ဆိုင်ရာများကို လက်တွေ့ကျကျ သိမြင်ကာ ကိုယ်တိုင်ပါဝင် လေ့ကျင့်ခွင့်ရရှိခဲ့သဖြင့် ယုံကြည်မှုရရှိစေကာ ကျွမ်းကျင်မှုနှင့်စီမံခန့်ခွဲမှု သဘောသဘာဝ၊ ဦးဆောင်မှုနှင့်စိတ်ရောကိုယ်ပါ ကြံ့ခိုင်စေရန် လေ့ကျင့်ပေးထားခဲ့မှုများက လွန်စွာအရေးပါ အရာရောက်ကြောင်း သိမြင်လာစေပါသည်။ ၎င်းအပြင်  စိတ်ဓာတ်ခွန်အားနှင့်  ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တို့ကို ပင်လယ်ပြင်၌ လက်တွေ့ကျကျ ဆန်းစစ်မှု ရလဒ်အပေါ် ရယူနိုင်သည့်အသိနှင့် မှန်ကန်သည့်အမြင်များကို သိရှိစေနိုင်ခဲ့ကြပါသည်။ ပင်လယ်ပြင်၏ မူယာမာယာများပုံ၊ လှိုင်းဒဏ်၊ လေဒဏ် များကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်ပုံ၊  သင်္ဘောပေါ်တွင် နေထိုင်လုပ်ကိုင် စားသောက်ကြရပုံ အစရှိသည့်သင်္ဘောသားတစ်ယောက်၏ ဘဝအခြေအနေတို့ကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိမြင်ခံစားနိုင်ခဲ့ပါသည်။ ပင်လယ်ပြင်မှာ  ဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းအောင် အသက်ရှင်နေထိုင် လုပ်ကိုင်ရမည့် နည်းလမ်းကောင်းများ ကိုလည်း လက်တွေ့လိုက်နာ သိမြင်ခဲ့ကြပါသည်။ အရေးကြုံလာပါက အသက်အန္တရာယ်မှ လွတ်မြောက်အောင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်အပေါ် ဦးဆောင်မှု၊ ပူးပေါင်းမှု၊   ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကိုလည်း  လက်တွေ့ကျကျလုပ်ဆောင်တတ်ကာ အသိပညာများ၊ အတတ်ပညာများလည်း တိုးပွား ရရှိစေခဲ့ပါသည်။

ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးဖွားရာ မြေဖြစ်သော   မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်သည် နိုင်ငံတော်ပိုင် ကောလိပ်တစ်ခုဖြစ်သည်နှင့်အညီ  ယခုသွားရောက်ခဲ့သော အရာရှိလောင်းများ၏ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ရေး ခရီးစဉ်မှာလည်း   နိုင်ငံတော်အကြီးအကဲ၏ စေတနာထားမှု၊ ပံ့ပိုးပေးမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်အားပေးမှု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)တို့၏ ကူညီဆောင်ရွက်ပေးမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီပေးမှုတို့ကြောင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ အရာရှိလောင်းတို့၏  ပင်လယ်ပြင်လေ့ကျင့်ရေး ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်းနှင့် ရေကြောင်းဘက်ဆိုင်ရာ  အသိပညာ၊ အတတ်ပညာများကို အချိန်တိုအတွင်း သင်တန်းသားများအပေါ် လက်တွေ့ကျကျ၊ ထိထိရောက်ရောက်လေ့ကျင့် သင်ကြားပေးနိုင်ခဲ့သည့် ရလဒ် အကျိုးကျေးဇူးများကိုလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင်ပင် ရရှိခဲ့ကြပါသည်။ 

နိုင်ငံအတွက် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများသည် အနာဂတ်ကာလတိုင်အောင် အမြဲတမ်းရှင်သန် ရပ်တည်လျက်ရှိနေမည်ဖြစ်ပြီး အဓိကအခန်းကဏ္ဍမှလည်း ပါဝင်နေပေဦးမည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကြောင်းသွားလာရေး၊ ပို့ဆောင်ရေး အခန်းကဏ္ဍနှင့် ချိတ်ဆက်ကာ နိုင်ငံ တစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် လိုအပ်နေပါဦး မည်။  မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် မျိုးဆက်သစ်ရေကြောင်း အရာရှိလောင်းများ၊ သင်္ဘောသားအသစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ  နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များကို  ပြုစုပျိုးထောင်ပေးရာတွင် တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းမျှော်မှန်း ဖော်ဆောင်ပေးလျက်ရှိနေပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် နိုင်ငံခြားဝင်ငွေများ ရရှိနိုင်စေရန်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေသော  ရေကြောင်းဘက်ဆိုင်ရာ အတတ်ပညာသင် ကောလိပ်တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ အစဉ်ရပ်တည်ကာ  နိုင်ငံတော်အပေါ် ခေတ်ကာလအဆက်ဆက်  ကျေးဇူးပြုလျက်ရှိနေ မည်သာဖြစ်ပါတော့သည်။   ။  

ဒေါက်တာဌေးကြွယ် (MMMC)