တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုက ရန်စခြင်းဖြစ်ဟု မြောက်ကိုရီးယား ပြော

 

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုက ရန်စခြင်းဖြစ်ဟု မြောက်ကိုရီးယား ပြော

 

    တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား  ပြုလုပ်ခဲ့သည့် Buddy Squadron  တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုသည် နိုင်ငံအား ရန်စခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။

    တောင်ကိုရီးယားနှင့်  အမေရိကန်တို့က လုပ်ဆောင်ခဲ့သည့်  လေကြောင်းပျံသန်းရေး   စစ်ရေးလေ့ကျင့်မှုသည် တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား မသေချာမရေရာမှုများကို မြင့်တက်စေခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ထုတ်ပြန်သည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ၎င်းတို့ကြား နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Freedom Shield  စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှု တစ်ရပ်ကို မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း     သိရသည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့က ယင်းလေကြောင်း ပျံသန်းရေး လေ့ကျင့်မှုကို Buddy Squadron  ဟုအမည်ပေးထားပြီး မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ရေး အတွက်  လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်း အေဂျင်စီက ထုတ်ပြန်ထားသည်။

    အဆိုပါ Buddy Squadron လေ့ကျင့်မှုကို ဆိုးလ်မြို့တော်တောင်ပိုင်းရှိ အိုဆန် လေတပ်အခြေစိုက်စခန်းတွင် စတင်ခဲ့ပြီး ငါးရက်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။