မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်း ကိုးသင်းမှ ကစားသမားများနှင့် ဒိုင်လူကြီးများတွင် COVID-19 ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိ

ရန်ကုန်၊ ကျန်းမာရေး

ပြည်တွင်းဘောလုံးပြိုင်ပွဲများ  ပြန်လည် ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း မြန်မာ နေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမား နှင့် ဒိုင်လူကြီး စုစုပေါင်း ၃ဝဝ ကျော်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ    ရောဂါပိုးမတွေ့ရှိကြောင်း  မြန်မာနေရှင်နယ် လိဂ် ကော်မတီမှ  တာဝန်ရှိသူ တစ်ဦးကပြောသည်။

မြန်မာနေရှင်နယ်လိဂ်သည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍  သြဂုတ်  ၁ဝ  ရက်နှင့်  ၁၁  ရက်က  စစ်ဆေး ပြီးသည့်  ရန်ကုန်ယူနိုက်တက်အသင်းမှလွဲ၍   ကျန်ကလပ်အသင်းကိုးသင်းနှင့် ဒိုင်လူကြီးများ အပါအဝင် လူဦးရေ ၃ဝဝ  ကျော်ကို  COVID-19 ရောဂါပိုး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ဇွန်လအတွင်းက အသင်း အစီအစဉ်ဖြင့် ရောဂါ ပိုးစစ်ဆေးပြီးဖြစ်၍  ကျန်က လပ် အသင်း ကိုးသင်းကိုသာ စစ်ဆေးခြင်းဖြစ်သည်။

ထိုသို့ ကလပ်အသင်းများနှင့် ဒိုင်လူကြီး များတွင် ရောဂါပိုးမတွေ့ရှိသည့်အတွက် မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပရန် လျာထားကြောင်း သိရသည်။

''အသင်းအားလုံးနဲ့   ဒိုင်လူကြီးတွေရဲ့ ရောဂါပိုး စစ်ဆေးမှု အဖြေတွေ   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကို ထပ်မံ တင်ပြထား ပါတယ်။ ကော်မတီကခွင့်ပြုချက်ရပြီ ဆိုရင် ပြိုင်ပွဲကို သြဂုတ် ၂၂ ရက် မှာ ပြန်လည်ကျင်းပ ဖို့  လျာထားတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ လိဂ်ပွဲစဉ်ဇယားကို အသေးစိတ် ပြန်လည်ရေးဆွဲမှာပါ'' ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း မြန်မာနေရှင်နယ် လိဂ် ကလပ်အသင်း များကို သြဂုတ်ဒုတိယပတ်မှ ပြိုင်ပွဲပြီးဆုံးချိန် အထိ အဆောင်များ၌ Quarantine ထားရှိ ကြောင်း သိရသည်။

ကိုရဲ