ဒဏ်ရာကြောင့် အနားယူနေရသည့် မန်ယူအသင်းတိုက်စစ်မှူး ဟိုက်လန်း အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေ
မန်ယူအသင်းတိုက်စစ်မှူးဟိုက်လန်းသည် ဒဏ်ရာကြောင့် အနားယူနေရပြီး ယခုအခါ ဒဏ်ရာပြန်လည် သက်သာလာပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ်ကစားမည့် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်၌ ပြန်လည် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။
ယခုဘောလုံးရာသီတွင် အတ္တလန္တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဟိုက်လန်းသည် ရာသီအစပိုင်းက သွင်းဂိုးများရရှိရန် ခက်ခဲခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ သွင်းဂိုးများ သွင်းယူနိုင်သော်လည်း ဖေဖော်ဝါရီလ ၁၈ ရက်က ကစားခဲ့သော လူတန်အသင်းနှင့်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိပြီးနောက် အနားယူနေခဲ့ရသူဖြစ်သည်။
မန်ယူအသင်း တိုက်စစ်ပိုင်းသည် ဟိုက်လန်းဒဏ်ရာကြောင့် အနားယူနေရသည့်အချိန်တွင် ရုန်းကန်ခဲ့ရပြီး ဟိုက်လန်းမပါဝင်နိုင်သည့် ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲသာအနိုင်ရရှိပြီး အသင်းတိုက်စစ်ပိုင်းကလည်း သုံးပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ခဲ့သည်။
အစောပိုင်းက ဟိုက်လန်းသည် ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တသုံးပတ်ခန့်အနားယူရမည်ဟု အတည်ပြု ထားသော်လည်း လက်ရှိတွင် ဒဏ်ရာ သက်သာလာသည့်အတွက် မတ်လ ၉ ရက်တွင်ကစားမည့် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်၌ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေသည်။
ဟိုက်လန်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်းက အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လေးပွဲကစားရာ တွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ကာ တစ်လတာ အကောင်းဆုံးကစားသမားဆုအတွက်လည်း ရေပန်းစားလျက်ရှိသည်။
ဟိုက်လန်းသည် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲပေါင်း ၂၀ ကစားပြီး ခုနစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Ref;The Athletic