လက်နက်ကိုင်ပဋိပက္ခစတင်ချိန်မှစ၍ အစ္စရေးက ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေချေးစာချုပ်များကို ပထမဆုံးအကြိမ်ထုတ်ရောင်း

 

လက်နက်ကိုင်ပဋိပက္ခစတင်ချိန်မှစ၍ အစ္စရေးက ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေချေးစာချုပ်များကို ပထမဆုံးအကြိမ်ထုတ်ရောင်း

အစ္စရေးနှင့် ပါလက်စတိုင်းဟားမက်စ်တို့ကြား ဂါဇာလက်နက်ကိုင်ပဋိပက္ခစတင်  ချိန်မှစ၍ အစ္စရေးအစိုးရက ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေချေးစာချုပ်များကို ထုတ်ရောင်းခဲ့ရကြောင်း သိရသည်။

အစ္စရေးအစိုးရက ထုတ်ရောင်းလိုက်သည့် နိုင်ငံတကာ ငွေချေးစာချုပ်များ၏တန်ဖိုးမှာ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိသည်။ ၎င်းနိုင်ငံတကာ ငွေချေးစာချုပ်များကို ဒေါ်လာဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါငွေချေးစာချုပ်များအနက် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များမှာ လာမည့်ငါးနှစ် အတွင်း သတ်မှတ်သက်တမ်းပြည့်မည်ဖြစ် ကြောင်း သိရသည်။

ဂါဇာစစ်ပွဲစတင်ဖြစ်ပွားပြီးချိန်မှစ၍ အစ္စရေးနိုင်ငံ၏စီးပွားရေးသည် ၂၀ ရာခိုင်နှုန်းနီးပါးခန့် ကျဆင်းလာခဲ့ပြီး နိုင်ငံ့ဂျီဒီပီမှာလည်း ၁၉ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျသွား ကြောင်း အစ္စရေးဗဟိုစာရင်းအင်းဌာနက ထုတ်ပြန်သည်။ ထို့ကြောင့် နိုင်ငံအတွက် လိုအပ်သည့် ရန်ပုံငွေများရရှိနိုင်ရေးအတွက် နိုင်ငံတကာ ငွေချေးစာချုပ်များကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ရောင်းရခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် အစ္စရေးနိုင်ငံ၏ကူးသန်း ရောင်းဝယ်ရေးနှင့် ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်စေသောကြောင့် နိုင်ငံ့စီးပွားရေးအား ဆိုးရွားစွာသက်ရောက်စေလျက်ရှိသည်။

ပါလက်စတိုင်းမှ ဟားမက်စ်တို့က အစ္စရေး နိုင်ငံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ကြေညာခြင်းမရှိဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးအစုရှယ် ယာဈေးကွက်မှာ နှစ်နှစ်ခွဲ ကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း သိရသည်။

ထို့ပြင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် အစ္စရေးနိုင်ငံအား လာမည့် ၂၀၂၅ ခုနှစ် အကုန်ပိုင်းတွင် ရှက်ကယ် ၂၅၅ ဘီလီယံ (ဒေါ်လာ ၇၀ ဒသမ ၃ ဘီလီယံ) ကုန်ကျစေနိုင်ကြောင်း အစ္စရေးဗဟိုဘဏ်က     ခန့်မှန်းထားသည်။

Ref: Sputnik