အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေတာဘာကြောင့်လဲ

 

အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေတာဘာကြောင့်လဲ

အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်း ဒေသတွင်လည်း ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများအပါအဝင် ပဋိပက္ခအများအပြား ဖြစ်ပွားလျက်ရှိသော်

လည်း အင်ဒို-ပစိဖိတ်ဒေသအတွင်း၌ စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်လုပ် ဆောင်ခြင်းအားဖြင့် စစ်အင်အား ပြသမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင်   အမေရိကန်အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသတွင်းနိုင်ငံများအား ၎င်းင်းတို့ဘက်သို့ပါလာအောင် နည်းမျိုးစုံဖြင့် ဆွဲဆောင်သိမ်းသွင်းခြင်းအားဖြင့် ၎င်းတို့၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖော်ဆောင်လျက်ရှိရာ ဒေသတွင်းပဋိပက္ခများကို ပိုမိုပြင်းထန်လာစေသည့်အပြင် ဒေသတစ်ခုလုံး ကိုလည်း ပိုမိုအန္တရာယ်ရှိသည့် အခြေအနေ သို့ တွန်းပို့လျက်ရှိသည်။

အမေရိကန်စစ်ဘက်သည်   ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ် စွာရေကြောင်း သွားလာရေးတို့ကို တိုးမြှင့်ခြင်းဟူသော အကြောင်းပြချက်ဖြင့် သြစတြေးလျ၊ ဂျပန်နိုင်ငံတို့နှင့် တောင်တရုတ်ပင်လယ်အတွင်း၌ သုံးနိုင်ငံရေတပ် စစ်ရေးလေ့ကျင့် မှုများကို လုပ်ဆောင်လျက်ရှိသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အမေရိကန် အနေဖြင့်  အင်ဒို-ပစိဖိတ်ဒေသအတွင်း ဖော်ဆောင်နိုင်မည့် ၎င်းင်း၏အမျိုးသားအကျိုး စီးပွားကိုမျှော်မှန်း၍ ဒေသတွင်းနိုင်ငံများ နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ နိုင်ငံစုံပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်ကဦးဆောင်၍ လုပ်ဆောင်နေသည့် စစ်ရေးလေ့ကျင့်မှုများတွင် Foal Eagle ဟု အမည်ပေးထားသော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ Keen Sword  အမေရိကန်-ဂျပန်ပူးတွဲ စစ်ရေးလေ့ကျင့်မှု၊ Balikatan အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် အာဆီယံနှင့် တောင်အာရှနိုင်ငံများ ပါဝင်သော CARAT၊ Cobra Gold၊ Malabar အစရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် အမေရိကန်နိုင်ငံက တရုတ်အပေါ် ထိန်းချုပ်ရန်ကြိုးပမ်းနေခြင်း ဖြစ်သည်ဟူသော သိသာထင်ရှားသည့် အချက်လည်း ဖြစ်သည်။

ထို့ပြင်  အမေရိကန်တို့သည် Cope North 2024 နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုကြီး တစ်ခုကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၆ ရက်အထိကျင်းပခဲ့သည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်၊ ဂျပန်၊ တောင် ကိုရီးယား၊  သြစတြေးလျ၊  ကနေဒါနှင့် ပြင်သစ်နိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့သည်။ Cope North 2024  နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုကြီးတွင် စစ်သည်အရေအတွက်အားဖြင့် ၃၀၀၀ ကျော်၊ စစ်လေယာဉ်အစင်းပေါင်း ၈၀ ကျော် ပါဝင်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကြီးကို အမေရိကန်က ဂူဟန်ကျွန်းတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

အမေရိကန်က ဆက်တိုက်လုပ်ဆောင်နေသည့် စစ်ရေးလေ့ကျင့်မှုများသည် အထူးသဖြင့် အမေရိကန်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို  တိုးမြှင့်ရန် ရည်ရွယ်သည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများကြား စစ်ရေးလေ့ကျင့်မှုပြုလုပ်သည်ဟု ဆိုသော်လည်း စင်စစ်တွင် တရုတ်နိုင်ငံနှင့် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်နေခြင်းသာ ဖြစ်သည်။ အမေရိကန် အစိုးရ အနေဖြင့် တရုတ်နိုင်ငံအား ပြိုင်ဘက်တစ်နိုင်ငံအဖြစ် သဘောထားပြီး တရုတ်၏ အင်အားကြီးထွားလာမှုကို တန်ပြန်မည်ဟု အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင်း၌ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် အမေရိကန်က သြဇာအာဏာ ချဲ့ထွင်လာခြင်းသည် ဒေသတွင်းနိုင်ငံများအား အခက်တွေ့စေလျက်ရှိသည်။ အကြောင်းမှာ ဒေသ တွင်းနိုင်ငံ အချို့အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများဘက်တွင် ရပ်တည်မည် သို့မဟုတ် အမေရိကန်၏ သြဇာလွှမ်းမိုး မှုကိုငြင်းဆန်မည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

ထို့ကြောင့်  ယင်းအခြေအနေသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း၌ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုကို ဖြစ်ပေါ်လာစေနိုင်ပြီး ဒေသတွင်းနိုင်ငံများကိုလည်း ပဋိပက္ခအတွင်းသို့ ဆွဲသွင်းလိုက်သည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။ သို့ဖြစ်ရာ ဒေသတွင်း၌ အမေရိကန်က ဦးဆောင်၍ လုပ်ဆောင်နေသည့် စစ်ရေးလေ့ကျင့်မှုများသည် မငြိမ်မသက်မှုများ၊ နိုင်ငံများကြားကွဲပြားမှုများနှင့် ထိုထက်ပိုဆိုးသည့်အချက်မှာ မလိုလားအပ်သည့် ပဋိပက္ခများကိုပါ ဖြစ်ပေါ်လာစေနိုင် သည်။

တရုတ်နိုင်ငံသည် တစ်စထက်တစ်စ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီးနောက် ၎င်းတို့၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် စစ်ရေးအင်အားကို ကြီးထွားအောင် တည်ဆောက် နိုင်ခြင်းကြောင့် ယခုအခါ အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်  ရောက်ရှိလာပြီဖြစ်သည်။

ထိုသို့ အင်အားကြီးထွားလာသည့် တရုတ်နိုင်ငံအား အမေရိကန်က ယခင်က Rebalancing Strategy ဖြင့် ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည့်အပြင် ယခုအခါ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ချမှတ်ဖော်ဆောင်ခြင်းအား ဖြင့် ထိန်းညှိလာခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့သည် ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ ဒေသတွင်း နိုင်ငံများ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ရန်ကြိုးပမ်းနေ ခြင်းလည်း ဖြစ်သည်။

အမေရိကန်တို့သည် ၎င်းတို့၏ လိုအပ်ချက်အရ ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် တည်ဆောက်လာပြီး တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နှင့်အငြင်းပွားနေသည့် ဖိလစ်ပိုင်နိုင်ငံနှင့်လည်း စစ်ရေးအရ ဆက်ဆံမှု တိုးတက်စေရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အင်အားကြီးနိုင်ငံများ၏ အင်အားပြိုင်ဆိုင်မှုတွင် ကြားမှမြေစာပင်မဖြစ်စေရေး သံတမန်ဆက်ဆံရေးကို လိမ္မာပါးနပ်စွာဆောင်ရွက် ရန်ကြိုးပမ်းနေရသည့် အခြေအနေသို့ ရောက်ရှိလာသည်။

ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ၊ အထူးသဖြင့် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့၏ အရင်းအမြစ် အများအပြားကို  အသုံးပြုခဲ့ရသည်။ သို့သော်အမေရိကန်အနေဖြင့် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွားလာစေရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပွားစေရန် ဆက်လက်မီးထိုး ပေးလျက်ရှိနေဆဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် တရုတ်အား ပြိုင်ဘက်နိုင်ငံဟူသော ခံယူချက်အပေါ် အခြေခံ၍ ၎င်းင်းတို့၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖော်ဆောင်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများအား စစ်ရေး အရလွှမ်းမိုးနိုင်စေရေးအတွက် နိုင်ငံစုံပါဝင်သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများမှတစ်ဆင့် ဆက်လက်အကောင်အထည် ဖော်ဆောင်မည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  

                     Ref: Sputnik