၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် မတ် ၇
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးသော ဇွဲ၊ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ဆက်ဆံကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန်နှင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာ၍ နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီးအသက် ၁၂ နှစ်နှင့်အထက် ဝူရှူး ထောက်လု(ချန်းချွမ်) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဝူရှူးဆန်းဆို(အတိုက်) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို မတ်လ ၇ ရက်မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝူရှူးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။