စစ်တက္ကသိုလ်မှာ သန္ဓေတည် အားသစ်လောင်းမည့် သားဇာနည်

နေပြည်တော်  ဒီဇင်ဘာ  ၄

အမိစစ်တက္ကသိုလ်ကြီးကနေ နောင်တစ်ခေတ်၏ အောင်စစ်သည်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်မှာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၂)တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)မှ ဗိုလ်လောင်းများသည် စစ်ပညာ၊ စာပေပညာများကို လေးနှစ်တာသင်ယူ တတ်မြောက်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းသည့် စွမ်းရည်ပြည့်ဝသည့် အရာရှိများအဖြစ် ယနေ့မှာ အောင်မြင်စွာ မွေးထုတ်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည့် စစ်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ ဝမ်းသာဂုဏ်ယူမှု စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီးသိန်းလွင်

(စာပေညွှန်ကြားရေးမှူး)

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)မှာတော့ ဝိဇ္ဇာဘွဲ့ရသူ ၆၃ ဦး၊ စီးပွားရေးပညာဘွဲ့ရသူ ၂၀ ဦး၊ ဝါဏိဇ္ဇဗေဒဘွဲ့ရသူ ၁၀ ဦး၊ သိပ္ပံဘွဲ့ရသူ ၃၂၄ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရသူ ၁၃၆ ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ရသူ ၁၃၅ ဦး စုစုပေါင်း ၆၈၈  ဦးကို  မွေးထုတ်ပေးနိုင်ပါတယ်။  စစ်တက္ကသိုလ်အနေနဲ့    တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက်   လိုအပ်တဲ့  လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်းတွေ  လေ့ကျင့်မွေးထုတ်ပေးရန် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်ကြားပေးလျက်ရှိရာ နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်း တွေဖြစ်ဖို့အတွက်   စာပေဌာနအနေနဲ့  တက္ကသိုလ်ပညာတွေကို လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။ အထူးပြုဘာသာရပ် ၁၈ ခုကို သင်ကြားပေးလျက်ရှိပြီး ဝိဇ္ဇာဘာသာရပ်တွေအတွက် သိပ္ပံနဲ့ကွန်ပျူတာ၊ သိပ္ပံနဲ့ကွန်ပျူတာ ဘာသာရပ်တွေအတွက် ဝိဇ္ဇာဘာသာရပ်ကို  အထောက်အကူပြု ဘာသာရပ်တွေ သင်ကြားပေးလျက်ရှိပါတယ်။  ဖြည့်စွက်ဘာသာရပ်အဖြစ် စိတ်ပညာဘာသာရပ်ကို  သင်ကြားပေးလျက်ရှိပါတယ်။ စာပေပညာရပ်တွေကို သင်ကြားပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ် အသီးသီးက နည်းပြတွေနဲ့  အနီးကပ်ကြီးကြပ်ပြီး လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။ ညစာကြည့်ချိန်(Night Study)တွင်  စာပေဌာနမှ နည်းပြတွေက ဗိုလ်လောင်းတွေ နားမလည်တဲ့ ဘာသာရပ်တွေ၊ အားနည်းတဲ့ဘာသာရပ်တွေကို  အနီးကပ်ကြီးကြပ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နည်းပြနဲ့ ဗိုလ်လောင်းတစ်ဦးချင်း ထိတွေ့ပြီးတော့  သင်ကြားပေးလျက်ရှိပါတယ်။ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ရ တပ်မတော်အရာရှိတွေအပြင် အရပ်ဘက်တက္ကသိုလ်က နည်းပြဆရာ၊ ဆရာမတွေပါ ပူးတွဲသင်ကြားပေးလျက်ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး  ခေတ်မီဖို့အတွက် ပြင်ပတက္ကသိုလ်က သင်ကြားပေးနေတဲ့ သင်ရိုးညွှန်းတမ်းတွေ နဲ့ညှိနှိုင်းပြီးတော့ နှစ်စဉ်ခေတ်မီအောင် ပြောင်းလဲရေးဆွဲပြီး သင်ကြားပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေရဲ့ လေးနှစ်တာ သင်ယူလေ့လာမှုမှာ   သူတို့ရဲ့ကြိုးစားမှုအပေါ် ကြည့်ရှုပြီး  မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ ရရှိသည်အထိ  ဆက်လက်ပြီး  သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။    နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရမယ့် အရာရှိကောင်းတွေကို မွေးထုတ်ပေးတဲ့ နေ့တစ်နေ့ဖြစ်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျောင်းဆင်းအရာရှိတွေအနေနဲ့   လေးနှစ်တာကာလ စိတ်ဓာတ်၊    စည်းကမ်းကောင်းမွန်စွာ  လေ့ကျင့်သင်ကြားခဲ့ပြီး တပ်မတော်အတွက် အရာရှိကောင်းတွေ ဖြစ်လာမယ့်အတွက် အထူးပဲ    ဝမ်းသာဂုဏ်ယူမိပါတယ်။

စစ်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ သစ္စာ၊ သူရ၊ သိပ္ပ ဆောင်ပုဒ်နဲ့အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ကြိုးစားအားထုတ်ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြုရမယ့်  အရာရှိကောင်းတွေ ဖြစ်ဖို့၊ စစ်တက္ကသိုလ်ရဲ့ဂုဏ်ကို ထိန်းနိုင်တဲ့ အရာရှိကောင်းတွေဖြစ်ဖို့    ကြိုးစား အားထုတ်သွားကြပါလို့ မှာကြားလိုပါတယ်။

ဗိုလ်မှူးကြီးစိုးမြတ်ထွဋ်

(နည်းပြအရာရှိချုပ်)

ကျွန်တော်တို့  စစ်တက္ကသိုလ်အနေနဲ့  တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက်   လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်ဝတဲ့ အရာရှိကောင်းတွေ    မွေးထုတ်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ  ဗိုလ်လောင်းတွေကို ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲ လာတဲ့  စစ်ပညာ၊ စာပေပညာတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။  အဲဒီလို လေ့ကျင့်သင်ကြားပေးတဲ့ အခါမှာ သူရ၊ သတ္တိနဲ့ပြည့်စုံတဲ့ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးဖို့အတွက် ကျန်းမာရမည်၊ ကြံ့ခိုင်ရမည်၊ တိုက်နိုင်ရမည် ဆိုတဲ့  လေ့ကျင့်ရေးမူဝါဒနဲ့အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ စစ်ပညာအပိုင်းမှာ ထူးချွန်ဖို့၊ စာပေပညာအပိုင်းမှာလည်း  ထူးချွန်ရမယ့်အပြင် ထူးချွန်ထက်မြက်တဲ့ အရာရှိကောင်းတွေ ဖြစ်ဖို့အတွက်ကို    လေးနှစ်တာကာလအတွင်း စစ်တက္ကသိုလ်ရဲ့သင်ရိုးညွှန်းတမ်းတွေအတိုင်း  တိတိကျကျ သင်ကြားပေးလျက်ရှိပြီး  အရည်အသွေးထက်မြက်တဲ့ စစ်ခေါင်းဆောင်တွေ ဖြစ်ဖို့အတွက် မွေးထုတ်ပေးလျက်ရှိပါတယ်။ လေ့ကျင့်ရေးပိုင်းအနေနဲ့ စစ်ပညာပိုင်း၊ စည်းကမ်းပိုင်း၊  စာရိတ္တပိုင်းတွေမှာ ထူးချွန်ထက်မြက်တဲ့ ဗိုလ်လောင်းကို  လေ့ကျင့်ရေးထူးချွန်ဆု ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ကျောင်းဆင်းအရာရှိငယ်တွေအနေနဲ့   ဒီနေ့ဟာ နိုင်ငံတော်နဲ့တပ်မတော်အတွက် အားသစ်လောင်းတဲ့  နေ့တစ်နေ့ဖြစ်တဲ့အတွက် ညီငယ်တွေကိုယ်စား များစွာ ဂုဏ်ယူမိပါတယ်။   တာဝန်ကျရာ   တပ်အသီးသီးကို  ရောက်ရှိတာဝန်ထမ်းဆောင်တဲ့အခါ  အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး နိုင်ငံဂုဏ်၊ တပ်မတော်ဂုဏ်ကို  ထွန်းတောက်အောင် စွမ်းဆောင်နိုင်ပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့ အရာရှိကောင်းတွေဖြစ်အောင် ကျင့်ကြံကြိုးစား ဆောင်ရွက်သွားကြပါလို့ မှာကြားလိုပါတယ်။

ဗိုလ်လောင်းရီဝေအောင်

(အောင်စစ်သည်ဆု)

ကျွန်တော်တို့   အမိစစ်တက္ကသိုလ်ကျောင်းတော်ကြီးဟာ  လွယ်လွယ်ကူကူ တက်လို့ရတဲ့    သင်တန်းမဟုတ်ပါဘူး။ သင်တန်းကာလ   လေးနှစ်တာအတွင်း နည်းပြတွေသင်ကြားပေးတဲ့ စာပေပညာ၊ စစ်ပညာတွေကို ဇွဲလုံ့လဝီရိယနဲ့  အစွမ်းကုန်   ကြိုးစားအားထုတ်ခဲ့ရပါတယ်။

သင်တန်းကာလအတွင်း စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်   အတတ်နိုင်ဆုံးစနစ်တကျ နေထိုင်ခဲ့ပါတယ်။ သင်တန်း ကာလအတွင်း ပင်ပန်းမှုတွေ ရှိခဲ့ပေမယ့် စည်းကမ်းပိုင်းနဲ့  စိတ်ဓာတ်ပိုင်းမှာ  ကြံ့ခိုင်မှုတွေရှိအောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတော်ကြီးက သင်ကြားပေးတဲ့ သင်ခန်းစာဘာသာရပ်တွေကို   သိရှိနားလည်ရမယ်ဆိုတဲ့ ခံယူချက်နဲ့  အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ စာပေပညာရပ်တွေအပြင် ပြင်ပဗဟုသုတတွေကိုလည်း  အားလပ်ချိန်တွေမှာ လေ့လာဖြစ်ပါတယ်။  နည်းပြအရာရှိ၊ ဆရာ၊ ဆရာမတွေသင်ကြားပေးတဲ့ စာပေပညာရပ်တွေကို နားလည်အောင်  အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ စစ်ဗျူဟာပိုင်း စာတွေ့သင်ခန်းစာတွေမှာ အမှတ်အများဆုံးရအောင် ကြိုးစားခဲ့ပြီး လက်တွေ့သင်ခန်းစာတွေကို မပျက်မကွက်တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ အခုလိုထူးချွန်ဆု ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျွန်တော့်အတွက်   မိဘတွေကလည်း ဂုဏ်ယူလိမ့်မယ်လို့ ထင်မိပါတယ်။ နိုင်ငံတော်အပေါ်ကို    ကျရောက်လာမယ့်အန္တရာယ်ကို   တပ်မတော်သား တစ်ယောက်အနေနဲ့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာနဲ့ အသက်ရင်းပြီး ကာကွယ်သွားမယ်လို့ ခံယူထားပါတယ်။

ညီငယ်ဗိုလ်လောင်းတွေအနေနဲ့   အမိစစ်တက္ကသိုလ်က သင်ကြားပေးတဲ့ ကောင်းမွန်တဲ့စည်းကမ်း၊  မွန်မြတ်တဲ့စိတ်ဓာတ်

တွေကို ရင်ဝယ်ပိုက်နှလုံးသွင်းပြီးတော့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်းတွေဖြစ်လာအောင် ကြိုးစားကြပါလို့ ပြောကြားချင်ပါတယ်။

ဗိုလ်လောင်းထင်အောင်လင်း

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ လေ့ကျင့်ရေး ထူးချွန်ဆု ဖြစ်ပါတယ်။  လေ့ကျင့်ရေးမှာထူးချွန်တဲ့    ဗိုလ်လောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကျန်းမာအောင်နေ သန်စွမ်းအောင်လေ့ကျင့် ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်အောင် နေရပါမယ်။ လေးနှစ်တာကာလအတွင်း ကြံ့ခိုင်ရေးအချိန်တွေကို  အချိန်တိုင်းဆင်းပါတယ်။  

အားတဲ့အချိန်တိုင်းမှာလည်း အားကစားကို စီနီယာအစ်ကိုတွေနဲ့အတူ ကစားတယ်။  ကိုယ်ပိုင်အချိန်မှာလည်း မိမိကိုယ်ကိုကြံ့ခိုင်အောင်လုပ်ပါတယ်။ ကျွန်တော်တို့ ကျောင်းတော်ကြီးက စစ်ဗျူဟာဘာသာရပ်တွေကို စာတွေ့ရော   လက်တွေ့ရော စနစ်တကျသင်ကြားပေးတဲ့အတွက်  ကျွန်တော်တို့ ခြေလျင်ခြေမြန်မှာရောက်ပြီး  လက်တွေ့ အသုံးချတဲ့အခါ များစွာ အထောက်အကူပြုမယ်လို့ ထင်မိပါတယ်။ စစ်တက္ကသိုလ် ကျောင်းတော်ကြီးမှာ လေးနှစ်တာကာလ ပညာရပ်တွေကို ဆည်းပူးသင်ယူခဲ့ရပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စတင်ထမ်းဆောင်ရမှာ ဖြစ်လို့ အများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလို လေ့ကျင့်ရေးထူးချွန်ဆုကို ရရှိတဲ့အတွက် လေးနှစ်တာ ကာလအတွင်း ကျွန်တော်ကြိုးစားသမျှအရာ ထင်တာကြောင့် ဝမ်းသာမိပါတယ်။ အခုလိုဆုရတဲ့အတွက် မိဘနှစ်ပါးလည်း  ကျွန်တော်နဲ့  ထပ်တူဝမ်းသာ ဂုဏ်ယူနေမိမယ်လို့ ထင်ပါတယ်။

ဗိုလ်လောင်းရဲမင်းစိုး

(စာပေထူးချွန်ဆု-ဝိဇ္ဇာ)

ကျွန်တော်ရရှိခဲ့တာကတော့  စာပေထူးချွန်ဆု(ဝိဇ္ဇာ) ဖြစ်ပါတယ်။    အခုလို ဆုရအောင်    လေ့ကျင့်သင်ကြားပေးတဲ့ အရာရှိတွေ၊ ဆရာ၊ ဆရာမတွေနဲ့ စီနီယာဗိုလ်လောင်းတွေရဲ့   သွန်သင်ဆုံးမမှုနဲ့ ကျွန်တော့်ရဲ့ ကြိုးစားမှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။  စာပေသင်တန်းကာလ မှာ ကျွန်တော်က တစ်နေ့သင်ပေးတဲ့ စာတွေကို တစ်နေ့တည်း လေ့လာမှတ်သားခဲ့ ပါတယ်။ စာပေသင်တန်းကာလအတွင်း စစ်ပညာဘာသာရပ်တွေကို ဖြေရတဲ့အခါ မျိုးရှိပါတယ်။  အဲဒီလိုအချိန်ကျရင်  ည

စာကြည့်ချိန် နှစ်နာရီမှာ တစ်နာရီစီခွဲပြီး လေ့လာရပါတယ်။    စစ်ပညာစာမေးပွဲအတွက် စာတွေရသွားရင် စာပေဘာသာရပ်ကို လေ့လာပါတယ်။ အချိန်မလောက်ခဲ့ရင် ကင်းစောင့်ရတဲ့အချိန်တွေမှာ    ကင်းတာဝန်ကျတဲ့    စီနီယာဗိုလ်လောင်းရဲ့ ခွင့်ပြုချက်ကိုတောင်းပြီး   စာကိုလေ့လာ ကျက်မှတ်ပါတယ်။ ကင်းတာဝန်မကျတဲ့ အချိန်ကျရင် တာဝန်ရှိတဲ့စီနီယာ အစ်ကိုဗိုလ်လောင်းရဲ့ ခွင့်ပြုချက်တောင်းကာ မီးဖွင့်ပြီး စာကိုလေ့လာ မှတ်သားပါတယ်။ မအားလပ်တဲ့ကြားက အချိန်ရရင်ရသလို လေ့လာမှတ်သား ခဲ့တဲ့အတွက် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။  အရာရှိကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့လိုပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်နဲ့အညီ ပြုမူနေထိုင်သွားမယ်ဆိုရင် အရာရှိ ကောင်းတစ်ယောက် ဖြစ်လာမယ်လို့  ကျွန်တော်ခံယူပါတယ်။ လက်အောက်ငယ်သားတွေအပေါ် စာနာ ထောက်ထားပြီး လက်အောက်ငယ်သားတွေက အားကိုးယုံကြည်ရတဲ့ စံပြအရာရှိကောင်း တစ်ယောက်ဖြစ်အောင်  ကြိုးစားသွားပါမယ်။

ဗိုလ်လောင်းရှိုင်းအောင်ကျော်

(စာပေထူးချွန်ဆု-သိပ္ပံ)

ကျွန်တော်ကတော့   စာပေထူးချွန်ဆု(သိပ္ပံ)ကို ရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ စာပေပညာနဲ့ စစ်ပညာနှစ်ခုလုံး သင်ကြားရတဲ့အတွက် အခက်အခဲတော့ရှိပါတယ်။ 

ကျွန်တော်နားမလည်တဲ့ဘာသာရပ်တွေကို  စာကြည့်တိုက်မှာ ရှာဖွေကိုးကားပြီး လေ့လာပါတယ်။ ကိုယ်ပိုင်အားလပ်ချိန်မှာ ကျွန်တော်စာပေပညာ(သိပ္ပံ)နဲ့ဆိုင်တဲ့ ပြင်ပဗဟုသုတများကို လေ့လာတယ်။ ကျွန်တော်မသိတဲ့ အချက်တွေကို မှတ်စုသေချာမှတ်တယ်။

ပြီးရင်  လက်တွေ့သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကိုမေးမြန်းပြီး  လေ့လာပါတယ်။ စာသင်ကြားပို့ချချိန်မှာလည်း ဂရုစိုက်လေ့လာမှတ်သားတယ်။ တစ်နေ့စာတစ်နေ့လုပ်တာကြောင့်   အဲဒီဆုကိုရရှိတယ်လို့ ထင်မိပါတယ်။ ကျွန်တော့်အနေနဲ့ သစ္စာ(၄) ချက်ကို ဦးထိပ်ထားပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက်    လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်အောင် ထမ်းဆောင်သွားပါမယ်။

ဗိုလ်လောင်းသက်နိုင်လင်း

(စာပေထူးချွန်ဆု-ကွန်ပျူတာ)

 ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့လူမျိုးကို ကာကွယ်ချင်တဲ့စိတ်၊ အမျိုးဘာသာသာသနာကို ကာကွယ်ဆောင်ရွက်ချင်တဲ့ စိတ်နဲ့တက်ရောက်ခဲ့တာ  ဖြစ်ပါတယ်။  စစ်တက္ကသိုလ် တက်ရောက်ပြီးစီးတဲ့အချိန်မှာ ကျောင်းတော်ကြီးက ကျွန်တော့်ကို အများကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

စစ်တက္ကသိုလ်က   သင်ကြားပေးလိုက်တဲ့စည်းကမ်းကောင်းမွန်တဲ့၊ စနစ်တကျရှိတဲ့   သွန်သင်ဆုံးမမှုတွေ၊   စီနီယာဗိုလ်လောင်းတွေရဲ့    သွန်သင်ဆုံးမမှုအောက်မှာ အများကြီး ပြောင်းလဲခဲ့ပါတယ်။

အပြင်အရပ်သားဘဝတုန်းက နမော်နမဲ့နေခဲ့တဲ့အကျင့်တွေဟာ   ဗိုလ်လောင်းဘဝရောက်တဲ့အခါ  စီနီယာအစ်ကိုတွေရဲ့ သင်ကြားပေးမှုကြောင့် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။  ကျွန်တော့်အနေနဲ့ ကွန်ပျူတာဘာသာရပ်ကို   ကိုးတန်း၊  ဆယ်တန်းကျောင်းသားဘဝကတည်းက  ဝါသနာပါပြီး စိတ်ဝင်စားတဲ့ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ စစ်တက္ကသိုလ် ရောက်ပြီး ပထမနှစ်မှာ  ဘာသာရပ်ခွဲတဲ့အခါ ကွန်ပျူတာဘာသာရပ်ကို ရတဲ့အတွက်   အရမ်းပဲပျော်ရွှင်မိပါတယ်။ အဲဒီကတည်းက စာပေထူးချွန်ဆု(ကွန်ပျူတာ)ရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  နည်းပြအရာရှိ၊ ဆရာ၊ ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ   တစ်သဝေမတိမ်းလိုက်နာပြီး    လုံ့လဝီရိယရှိစွာ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့် ကွန်ပျူတာထူးချွန်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အခုလို ဆုရအောင်သင်ကြားပေးခဲ့တဲ့  နည်းပြအရာရှိ၊ နည်းပြဆရာနဲ့ ဆရာမတွေကို   ကျေးဇူးတင်ပါတယ်။

ကျွန်တော် အထူးပြုယူထားတဲ့ ကွန်ပျူတာဘာသာရပ်နဲ့လည်း တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော်အတွက် လိုအပ်တဲ့အခန်းကဏ္ဍတွေမှာ   အကောင်းဆုံးကြိုးစားဆောင်ရွက်သွားပါမယ်။

ဗိုလ်လောင်းကောလ်လျန်မွေး

(ချင်းတိုင်းရင်းသား)

 ကျွန်တော်က    စစ်တက္ကသိုလ်ကို ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လုံဘန်းရွာကနေ တက်ရောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့  တပ်မတော်သား အရာရှိတစ်ယောက်အနေနဲ့     အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်၊  ခံယူချက်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။     စစ်တက္ကသိုလ် မရောက်ခင်တုန်းက အားနည်းမှုတွေ အများကြီးရှိခဲ့တယ်။ အထူးသဖြင့် ဗဟုသုတပိုင်းမှာ သိသာပါတယ်။   စစ်တက္ကသိုလ်ကို အနယ်နယ်အရပ်ရပ်က နေလာကြတဲ့ သူငယ်ချင်းတွေ၊ နောင်တော်ဗိုလ်လောင်းတွေ၊ ညီငယ်ဗိုလ်လောင်း တွေကို တွေ့ရတဲ့အခါ ကျွန်တော်တို့ ချင်းပြည်နယ်နဲ့မတူတဲ့ ရိုးရာဓလေ့တွေ၊ နယ်မြေဒေသ အခြေအနေတွေကို သိရခြင်းကြောင့်    ဗဟုသုတများစွာ ရရှိပါတယ်။    စိတ်ဓာတ်နဲ့ကိုယ်ခန္ဓာကြံ့ခိုင်ရေးအပိုင်းမှာလည်း အများကြီးပြောင်းလဲခဲ့ပါတယ်။   စစ်တက္ကသိုလ်စတင်တက်ရောက်စဉ်  လုပ်ငန်းသဘော သဘာဝနားမလည်တာတွေ ရှိပါတယ်။ အဲဒီနားမလည်တဲ့အရာတွေကို     နည်းပြအရာရှိ၊ နောင်တော်ဗိုလ်လောင်းတွေရဲ့ သင်ကြားပေးမှုကြောင့်    လေးနှစ်တာကာလကို    အဆင်ပြေပြေချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကျွန်တော့်ဒေသမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့ရင် ကျွန်တော့်လူမျိုးနဲ့ ဒေသအတွက် ကျွန်တော်တတ်စွမ်းသမျှ   ဒေသရဲ့ အကျိုးပြု လုပ်ငန်းတွေကို  စွမ်းစွမ်းတမံ လုပ်ဆောင်သွားပါမယ်။   ။

နိုင်ထွန်း၊ လဲ့ရည်အောင်