ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အီရန်နှင့် အီးယူတို့ကြား ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်မည်ဟု အီရန်ပြော

 

ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အီရန်နှင့် အီးယူတို့ကြား ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်မည်ဟု အီရန်ပြော

 

    အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အီရန်နှင့် ဥရောပ သမဂ္ဂ(အီးယူ)တို့ကြား   ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံရေးဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလီဘာဂါရီကာနီက မတ်လ၈ ရက်တွင် ပြောသည်။

အီရန်နှင့်  အီးယူတို့ကြား လုပ်ဆောင်သည့် ဆွေးနွေးမှုများကို ကာတာနိုင်ငံ ဒိုဟာမြို့တွင်   လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသည့် ကိစ္စရပ်များတွင် ပိတ်ဆို့မှုများ ဖယ်ရှားရေးနှင့် နှစ်ဖက်စလုံးအတွက် အရေးပါသည့် အရေးကိစ္စများလည်း ပါဝင်သည်။

အဆိုပါဆွေးနွေးပွဲသို့ အီးယူအဖွဲ့မှ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ အန်းရစ်မိုရာ၊ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ   အီးယူအဖွဲ့၏ အထူးသံတမန် ဆဗန်ကုမန်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ သို့ရာတွင်  အီရန်နှင့် အီးယူ တို့ကြား  ဆွေးနွေးပွဲ ကျင်းပသည့်နေ့ရက်ကို  အတိအကျဖော်ပြခဲ့ခြင်း  မရှိကြောင်း သိရသည်။

အီးယူအဖွဲ့၏ အဓိကဆွေးနွေးလိုသည့် ကိစ္စရပ်များတွင်   အီရန်-ရုရှားစစ်ရေး ပူးပေါင်းဆောင်ရွက်မှု၊   ဂါဇာစစ်ပွဲနှင့် ဒေသတွင်း အရေးကိစ္စများ၊   အီရန်က ယခင်သဘောတူညီခဲ့သည့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်များနှင့် အီရန် အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရေးတို့ ပါဝင်ကြောင်း သိရသည်။

အီရန်အစိုးရသည် နျူကလီးယား သဘောတူညီချက်တစ်ရပ်ကို ၂၀၁၅  ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့်  လက်မှတ်ရေးထိုးခဲ့ပြီး  ယင်းသဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ဖော်ဆောင်မှုကို လျှော့ချမည်ဖြစ်ပြီး အင်အားကြီးနိုင်ငံများ အနေဖြင့်လည်း အီရန်၏ လုပ်ဆောင်မှုကိုတုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု  သဘောတူညီထားသည်။