MAI မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၊ UAE နိုင်ငံ ဒိုဟာမြို့တို့သို့ ပျံသန်းပြေးဆွဲမည်

 

MAI မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၊ UAE နိုင်ငံ ဒိုဟာမြို့တို့သို့ ပျံသန်းပြေးဆွဲမည်

 

ရန်ကုန်  မတ်  ၈

    အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI  သည် ယခုမတ်လမှစတင်၍ ပြည်ပခရီးစဉ်များ  တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ပြုလုပ်သည့် MAI Flight Forwardအမည်ဖြင့်ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။

တိုးချဲ့ပျံသန်းမည့် ပြည်ပခရီးစဉ်များ အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း၊ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့သို့  ၂၀၂၄ ခုနှစ် မေလ ၄ ရက် မှစ၍ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေး နေ့တိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ၂၀၂၄ ခုနှစ် မေလ ၈ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်းနှင့် UAE  နိုင်ငံ ဒိုဟာမြို့သို့  ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပြေးဆွဲပေး မည်ဖြစ်သည်။

၎င်းခရီးစဉ်သစ်များအပြင်  Dubai ၊ ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒွန်မောင်း လေဆိပ်တို့သို့ အကြိမ်ရေထပ်တိုး ပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ကုန်စည်သီးသန့် သယ်ယူပို့ဆောင်ရေး ခရီးစဉ်များဖြစ်သည့်  ရန်ကုန်မှ ကူမင်းသို့(နေ့စဉ်)၊ ဘန်ကောက်သို့(တစ်ပတ် လျှင် ၆ ကြိမ်)နှင့် ဖူးခက်သို့ အပတ်စဉ် တနင်္လာ နေ့တိုင်းပြေးဆွဲလျက် ရှိကြောင်း၊  ထို့ပြင် ပြည်တွင်းခရီးစဉ်များ ဖြစ်သည့်  လားရှိုး၊ လွိုင်ကော်၊ နေပြည်တော်၊ ကလေးနှင့် ခန္တီး သို့ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ဟုမ္မလင်း နှင့် မော်လမြိုင်သို့လည်း အသစ်ပြေးဆွဲသွား မည်ဖြစ်ကြောင်းနှင့် မိတ်ဖက်လေကြောင်း လိုင်းဖြစ်သည့် အဲကမ္ဘောဇလေကြောင်းလိုင်း အား မင်္ဂလာလေကြောင်းလိုင်း အမည်ဖြင့်ပြောင်းလဲ သတ်မှတ်ခြင်းကိုလည်း   ယနေ့အခမ်းအနားတွင် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

“ဒီနေ့အခမ်းအနားရဲ့  အဓိကရည်ရွယ်ချက်က MAI ရဲ့ ၂၀၂၄ ခုနှစ်အတွက် ရည်မှန်းချက်ကြီးမားသော ကွန်ရက်ချဲ့ထွင်မှု အစီအစဉ်ကို ထုတ်ဖော်ပြသရန်ဖြစ်ပြီး ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ မြန်မာ့ခရီးသွား လုပ်ငန်းကို   ပိုမိုအားကောင်းလာစေ ရန်ရည်ရွယ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ အကြောင်း တင်ဆက်ပြသတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် မဖြစ်မနေလာ ရောက်လည်ပတ်ရမယ့် ခရီးစဉ်နေရာတစ်ခု ဖြစ်လာရန် မြှင့်တင်ဆောင်ရွက် သွားမှာဖြစ်ပါ တယ်။ ယခုနှစ်များအတွင်း သယ်ယူပို့ဆောင်ရေးနဲ့  ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍမှာ

စိန်ခေါ်မှုများစွာ ရှိသော်လည်း နိုင်ငံနဲ့နိုင်ငံသားများအတွက် MAI  အနေနဲ့ နိုင်ငံတကာ လေဆိပ် ၁၇ ခုနှင့် ပြည်တွင်းလေဆိပ် ၁၃ ခု သို့ ပြေးဆွဲပေးလျက်ရှိပါတယ်”ဟု  MAI ၏ acting Chief Executive Officer and  Chief  Commercial  Officer Mr. Tanes Kumar ကပြောသည်။

ဗြှု သည် ၂၀၂၄ နှစ်ကုန်တွင် ပြည်ပ ခရီးစဉ် ၂၁ ခုနှင့် ပြည်တွင်းခရီးစဉ် ၂၀ ခုသို့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်တွင် MAI နှင့် Mingalar လေယာဉ်အုပ်သို့ ATR 72-600 လေယာဉ်အသစ်တစ်စင်း ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်း၊ ATOM နှင့် Co-branding agreement  တစ်ခုကိုကြေညာခဲ့ပြီး Cobranded Tourist SIM ကတ်ကို မိတ်ဆက်ခဲ့ကြောင်း၊ ၎င်း SIM Card သည် ကမ္ဘာ့အဆင့်မီ ဖုန်းခေါ်ဆိုမှု အရည်အသွေးတို့ဖြင့် ခရီးသည်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ခရီးသည်များ အနေဖြင့်  MAI  လေယာဉ်များပေါ်နှင့် လက်မှတ် အရောင်းဌာနများတွင် ထို  SIM ကတ်ကို အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။