အောင်မြင်ခြင်းအတွက် စိတ်အာဟာရ

 

အောင်မြင်ခြင်းအတွက် စိတ်အာဟာရ

 

    လူသားတိုင်းသည် ဘဝရပ်တည်ရေးအတွက် ပစ္စုပ္ပန်နှင့် အနာဂတ်ကို ရှေးရှု၍အတိတ်ကိုလည်း  သင်ခန်းစာယူကြရသည်။ လူသားတိုင်းသည် မည်သည့်အချိန်အခါ၊ မည်သည့်နေရာမရွေး အောင်မြင်မှုကို လိုချင်ကြပေသည်။ ဘဝလမ်းခရီး၌ အောင်မြင်ခြင်းရှိမှသာ လောကဓံကိုကြံ့ကြံ့ခံနိုင်ရည် ပြည့်ဝမည်ဖြစ်သည်။ အမြဲတမ်း ကျရှုံးမှုကိုသာ ရင်ဆိုင်နေရပါလျှင် ထိုသူသည် စိတ်အာဟာရ ချို့တဲ့နေမည်သာဖြစ်သည်။ အောင်မြင်မှု တစ်စုံတစ်ရာကို တစ်ကြိမ်တစ်ခါမျှသာ ကြုံဆုံရပါလျှင်ထိုသူသည် ကျရှုံးမှု၊အောင်မြင်မှု တစ်နည်းအားဖြင့် အနိမ့်အမြင့်ဟူသော လောကဓံ၏ သဘောကို နားလည်သဘောပေါက်၍ စိတ်ဓာတ်ကြံ့ခိုင်မည်ဖြစ်သည်။ ယနေ့ခေတ်ကာလသည် ခေတ်မီနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော အချိန်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသုံးချနည်းပညာများကို တန်ဖိုးရှိစွာ အသုံးချမှသာလျှင် အောင်မြင်ခြင်းကို ရရှိပေလိမ့်မည်။ ထိုသို့အောင်မြင်ခြင်းကို ရရှိရန်အတွက် ပညာရည်ပြည့်ဝအောင်လည်း သင်ယူတတ်မြောက် ထားကြရမည်ဖြစ်သည်။ ပညာသင်ယူ တတ်မြောက်ရန် ကြိုးစားရာတွင်  စိတ်အာဟာရသည် အလွန်ပင် အရေးကြီးသည်။

ရည်မှန်းချက်နှင့် ကြိုးစားမှု

     လူသားအများစုသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ကြသည်ဟု ဆိုကြသည်။ မနက်ဖြန်တိုင်းအတွက် မျှော်လင့်ချက်ရှိသည်မှာ မှန်ပါသည်။ ထိုမျှော်လင့်ချက်ဟူသော အရာသည် မိမိ၏ရည်မှန်းချက်ပင်ဖြစ်သည်။  လူသားတိုင်းတွင် ရည်မှန်းချက်အမျိုးမျိုး   ရှိကြသည်။

ရည်မှန်းချက်ရှိသော်လည်း   ကြိုးစားအားထုတ်မှု မရှိပါက ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။ကြိုးစားအားထုတ်မှုသည် အရာခပ်သိမ်းကို အောင်မြင်စေနိုင်သော   အကြောင်းတရားပင်ဖြစ်သည်။ ကြိုးစားမှုသည် ဇွဲ၊ လုံ့လ၊ ဝီရိယကိုအခြေခံ၍ မိမိဆောင်ရွက်ရမည့် တာဝန်များကို ဆောင်ရွက်ကြရခြင်းဖြစ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယဆိုရာ၌လည်း အချိန်နေရာဒေသနှင့် စနစ်တကျ သတ်မှတ်၍ ထားရှိရခြင်းမျိုးဖြစ်ပေသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်   ကျောင်းသား၊ ကျောင်းသူများအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယသည် တစ်နှစ်တာကာလ ပညာသင်ကြားချိန်၌ နေ့စဉ်ပုံမှန်ကြိုးစား အားထုတ်မှုကို ဆိုလိုသည်။  စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာမှသာ နေ့မအိပ်၊ ညမအိပ်စာကြိုးစားခြင်းသည် လွဲမှားသောဇွဲ၊ လုံ့လသာဖြစ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ်အောင်ပြုမူ နေထိုင်ခြင်းမရှိဘဲ အစာစားချိန်မမှန်၊ မိမိစိတ်ကိုသာမာန်ဖီ၍ အပင်ပန်းခံပြီး  ဦးနှောက်ကို အလုပ်ပေးခြင်းသည် ရောဂါရှာယူခြင်းပင် မည်ပေသည်။

တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆို ကြရမည်ဖြစ်သည်။  နေ့ရက်အားဖြင့် အလွန်နီးကပ်နေပြီဖြစ်သော်လည်း အချိန်နာရီအားဖြင့် များစွာကျန်ရှိပါသေးသည်။ယခုကဲ့သို့ စာမေးပွဲ နီးကပ်နေချိန်တွင် မိမိကိုယ်ကိုညှဉ်းဆဲသကဲ့သို့  အချိန်လင့်စွာ အားထုတ်ကြိုးစားရန်မသင့်ပေ။ အချိန်သာကုန်လွန်၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ကျန်းမာရေးကို ဂရုစိုက်ကြရမည်။ကျန်းမာမှသာ ရွှင်လန်းသော ဉာဏ်ရည်ကိုဖြစ်စေမည်။ သို့မှသာ စာကျက်မှတ်ရာတွင် တက်ကြွလန်းဆန်းမှု ရှိပေမည်။ မိဘများ၊ဆရာ/ဆရာမများကလည်း ကျောင်းသား၊ကျောင်းသူများကို ဖိအားပေးခြင်း မပြုဘဲအချိန်ကို စနစ်တကျဖြင့်   တန်ဖိုးရှိစွာအသုံးချရန် လမ်းညွှန်ပေးကြရမည် ဖြစ်သည်။

ပွဲမဝင်ခင်အပြင်ကကျင်းပ

    တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသားလူငယ်များအတွက် ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုကို အဆုံးအဖြတ်ပေးသောပွဲတစ်ပွဲပင်ဖြစ်သည်။ အောင်မြင်မှု တစ်ခုရရှိရန်အတွက် ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ဆင်နွှဲခြင်းပင်ဖြစ်သည်။  ပြိုင်ပွဲတစ်ခုယှဉ်ပြိုင်ရာတွင် မိမိဘက်မှ စနစ်တကျ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ စာမေးပွဲအချိန်နီးကပ်ပြီဖြစ်၍ ဘာသာရပ်အလိုက် လေ့လာရမည့် စာအုပ်များကို စနစ်တကျ စီရီထားရမည်။ တစ်နေ့တာ ကာလတွင် ဘာသာရပ်အားလုံးကို စိတ်ထဲပေါ်လာသမျှ  မွှေနှောက်လေ့လာရမည့် အချိန်မဟုတ်တော့ပေ။   မိမိကိုယ်တိုင် အချိန်ဇယားဖြင့်  တစ်နေ့တစ်ဘာသာ သတ်မှတ်ရမည်။ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မိမိအတွက်သေချာသော လေ့လာမှုရှိသည့် သင်ခန်းစာများကိုသာ လေ့လာ၍ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချရမည်ဖြစ်သည်။ သင်ခန်းစာများကို အလွတ်အော်ကျက်ရမည့်   အချိန်မဟုတ်တော့ပေ။ လေ့လာသိရှိပြီးသည့် သင်ခန်းစာများကိုသာ မိမိစိတ်ထဲတွင် စွဲမြဲရန် စာဖတ်သကဲ့သို့ ဖတ်ခြင်း၊ ပုံပြင်ပြောသကဲ့သို့ လေ့ကျင့်ခြင်း၊ မိမိပတ်ဝန်းကျင်နှင့် ဆက်နွှယ်သော သဘောတရားများကို သဘောပေါက်အောင် လေ့ကျင့်ခြင်းတို့ဖြင့်    စာမေးပွဲဟူသောပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ရန် ကြိုးစားအားထုတ် ပြင်ဆင်ကြရမည်သာဖြစ်သည်။

စာမေးပွဲဖြေဆိုမည့်   ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်တိုင်းကို ပေါ့ဆစွာလေ့လာခြင်းကို ရှောင်ကြဉ်ရမည်။ မြန်မာဘာသာသည် မိခင်ဘာသာဖြစ်၍ လွယ်ကူသည်ဟု မယူဆသင့်ပေ။ဘာသာရပ်တိုင်းတွင် ခက်ခဲနက်နဲမှု ရှိပါသည်။ မိခင်ဘာသာရပ်တွင် စာလုံးပေါင်း သတ်ပုံမှန်ကန်မှုရှိအောင် လေ့လာရမည်။သင်ခန်းစာများ၏ အဓိကဆိုလိုရင်းကို နားလည်သဘောပေါက်အောင် ဖတ်မှတ်ရမည်။  စာစီစာကုံး၊ အဆိုအချေတို့နှင့် ပတ်သက်သော သုတ၊ ရသများကို  မိမိဉာဏ်စွမ်းရှိသရွေ့ လေ့လာဖတ်မှတ်ရပေမည်။ အင်္ဂလိပ်ဘာသာရပ်တွင် Grammar အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ကြရမည်ဖြစ်သည်။ Subject, Verb,Noun,Tenses များကို ကွဲကွဲပြားပြား သိရှိရန် လေ့လာထားကြရမည်။ သင်္ချာဘာသာရပ်တွင် သီအိုရီများ၊ ပုံသေနည်းများကို သေချာဖတ်မှတ်ထားရမည်။   သင်္ချာဘာသာရပ်သည်  အလွတ်ကျက်မှတ် ရသည်မဟုတ်။ ထပ်ခါတလဲလဲ လက်ဖြင့်တွက်ချက်၍ လေ့ကျင့်ရမည်သာဖြစ်သည်။

ဓာတုဗေဒဘာသာရပ်တွင် ထုတ်ဖော်ပုံ များ၊ ဖော်မြူလာများ၊ ဥပဒေသများကို နားလည်သဘောပေါက်အောင် လေ့လာကြရမည်ဖြစ်သည်။ ရူပဗေဒဘာသာရပ်တွင် စည်းမျဉ်းဥပဒေသများ၊ ရေဖိအား၊ ကမ္ဘာမြေဆွဲအား၊ အလင်းပြန်ခြင်း၊ အပြန်အလှန် သက်ရောက်ခြင်း စသည့်နိယာမများကို နားလည်သဘောပေါက်အောင် လေ့ကျင့်ထားကြရမည်။ ဘောဂဗေဒ၊  ဇီဝဗေဒစသည့် ဘာသာရပ်များသည်   မိမိတို့၏ ခန္ဓာကိုယ်ဖြစ်တည်မှု၊ မိမိပတ်ဝန်းကျင်မှ သဘာဝတရားများ၊ မိမိတို့၏ နေ့စဉ်ပြုမူမှုများ၊ နေ့စဉ်စားသောက်နေထိုင်မှုအတွက် ဝယ်ယူဆောင်ရွက်မှုများဖြင့် ဆက်စပ်၍ လေ့လာကျက်မှတ် ရမည်သာဖြစ်သည်။သို့မှသာ သင်ခန်းစာများကို  ဖတ်မှတ်မှု လွယ်ကူပြီး စာမေးပွဲဖြေဆိုရာတွင် များစွာ အထောက်အကူပြုမည်သာဖြစ်သည်။

စိတ်အာဟာရ

    လူသားတို့အတွက် အရေးကြီးဆုံး အရာမှာ စိတ်အာဟာရပင်ဖြစ်သည်။ မိမိ၏စိတ်သည် မိမိအောင်မြင်တိုးတက်မှုတွင် အရေးပါဆုံးအရာဖြစ်သည်။  စိတ်ဓာတ် ကျဆင်းနေသူ တစ်ယောက်သည် ရုပ်ရည်ပါပြောင်းလဲ၍ အရာရာတိုင်းတွင် ပျော့ညံ့နေတတ်သည်။ အရာရာတိုင်းကို “မဖြစ်နိုင်ပါဘူး”ဟူသော စကားလုံးဖြင့် အရှုံးပေးနေရတတ်သည်။  အောင်မြင်ခြင်း ဟူသည်များစွာ ဝေးကွာနေပေလိမ့်မည်။ထို့ကြောင့် မိမိတို့၏စိတ်ကို မိမိတို့ကိုယ်တိုင် အာဟာရတိုက်ကျွေးရန် လိုအပ်ပါသည်။ ဤလောကတွင် မိမိတို့ပြုလုပ်၍မရသော အရာမရှိ၊ မပြုလုပ်ရသေးသည်သာရှိသည် ဟူသော စကားလုံးကို  ကျောင်းသား၊ ကျောင်းသူများ  စိတ်နှလုံးသွင်းထားကြရမည်။ မိမိသည် စာဖြေဆိုသူဖြစ်သည့် အလျောက်  ဖြေဆိုနိုင်ရမည်ဟူသော စိတ်နှလုံးသွင်းထားရမည်။ မိမိကျက်မှတ်ထားသော သင်ခန်းစာများကို ကောင်းစွာဖြေဆိုနိုင်မည်မှာ  သေချာသည်ဟူသော စိတ်ကိုဆုပ်ကိုင်၍   စိုးရိမ်စိတ်တို့ကို ဖြေဖျောက်ကြရမည်။တစ်ဦးတစ်ယောက်တိုင်း   ထင်ကြေးပေး ပြောဆိုနေသော သင်ခန်းစာများကို စိတ်မဝင်စားဘဲ  မိမိကျက်မှတ်ထားသည့် သင်ခန်းစာများသည်သာ အကောင်းဆုံးမေးခွန်းဖြစ်လာမည်ဟု ယုံကြည်ထားကြရမည်ဖြစ်သည်။

စာမေးပွဲခန်းမသို့ ဝင်ရောက်ချိန်တွင် စိတ်အာဟာရသည်    ပို၍အဓိကကျသည်။ စိတ်အာဟာရချို့တဲ့ သွားစေသော အပြုအမူများကို ဂရုစိုက်ကြရမည်။ စာမေးပွဲခန်းအတွင်းသို့ ယူဆောင်သွားရမည့် ဖြေဆိုခွင့်ကတ်၊ ခဲတံ၊ ဘောပင်၊ ပေတံ စသည့်အသုံးအဆောင်များ မမေ့လျော့ရန် သတိပြုကြရမည်။ စာမေးပွဲခန်းသို့ စာဖြေသူဖြစ်၍ ဝင်ရောက်ဖြေဆိုရမည်သာဖြစ်သည်။ဖြေဆိုနိုင်ပါ့မလား ဟူသည်ကို  တွေး၍စိတ်ပူရန် မလိုအပ်ချေ။ မဖြစ်မနေဖြေဆိုရမည်ကိုသာ စိတ်ထဲမှတ်ထားရမည်။ မိမိကျက်မှတ်ထားသည့် သင်ခန်းစာများကို ကောင်းစွာဖြေဆိုမည်၊ ဖြေဆိုရမည့် အလုပ်သည်သာ မိမိတာဝန်ဖြစ်သည်။ အမှတ်ပေးခြင်းသည် စာစစ်သူတို့၏ အလုပ်ဖြစ်ပြီးအောင်မြင်ခြင်း၊ ကျရှုံးခြင်းသည်ကံတရားနှင့် မိမိ၏ကြိုးစားဖြေဆိုမှုနှင့်သာ သက်ဆိုင်သည်ဟု  စိတ်ကိုအာဟာရ တိုက်ကျွေး၍ ကြိုးစားဖြေဆိုကြရမည်ဖြစ်သည်။

စာမေးပွဲမေးခွန်းသည် အချိန်သုံးနာရီကြာ  ဖြေဆိုရမည်ဖြစ်၍ အချိန်မပြည့်သေးဘဲ စာမေးပွဲခန်းမအပြင်သို့ ပြန်ထွက်ခြင်းကို ရှောင်ကြဉ်ကြရမည်။ စာမေးပွဲခန်းထဲတွင် အချိန်ပြည့်နေခြင်းသည် တန်ဖိုးရှိသည်ကို နားလည်သဘောပေါက်ကြရမည်။  အချိန်နှင့်အမျှ  မိမိကျက်မှတ်လေ့လာဖူးသော  သင်ခန်းစာများကို ပြန်လည်မှတ်မိခဲ့လျှင် ဖြည့်စွက်ဖြေဆိုခွင့်ရှိသည်။ ဘဝတစ်ဆစ်ချိုးအတွက် တစ်မှတ်ဟူသော  အမှတ်သည်လည်း  များစွာအရေးပါသည်ကို သိကြရမည်။ စာမေးပွဲခန်းပြင်ပသို့   ထွက်လာပြီးမှပြန်လည်ဝင်ရောက် ဖြေဆိုခွင့်ရသည် မဟုတ်။ အချိန်လွန်နောင်တမဖြစ်ရန် ဂရုစိုက်ကြရမည်။ထို့ကြောင့် စာမေးပွဲခန်းမသို့ မဝင်ရောက်မီကတည်းက စာဖြေသူသည် စာဖြေရမည့်တာဝန်ဖြစ်သည်။   ဖြေကိုဖြေရမည်။

အောင်မြင်ခြင်းနှင့်ကျရှုံးခြင်းသည်မိမိ၏အလုပ်မဟုတ်။ မေးခွန်းများကို အကောင်းဆုံး ဖြေဆိုရန်သာ မိမိ၏ အလုပ်ဖြစ်သည်ဟူသောခံယူချက်ဖြင့် စိတ်ကို အာဟာရပေးထားရန် လိုအပ်ပါကြောင်း ရေးသားအကြုံပြုလျက် တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းသား၊ ကျောင်းသူတိုင်းလွယ်ကူစွာ ဖြေဆိုအောင်မြင်နိုင်ကြပါစေဟု  ဆုမွန်ကောင်းပို့သ၍    ရေးသားလိုက်ရပေသည်။  ။