အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည် တန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းဖွင့်လှစ်

 

အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည် တန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းဖွင့်လှစ်

ရန်ကုန်  မတ်  ၉

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် အထူးစိုက်ပျိုးမွေးမြူရေးဇုန်(၂)ရှိ ရတနာရွှေမိုးစိုက်ပျိုးရေးဥယျာဉ်၌ ဖွင့်လှစ်သည့်  ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းအား သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငှက်ပျောချည်မှထုတ်လုပ်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို လိုက်လံကြည့်ရှုပြီး သင်တန်းသားများနှင့် တွေ့ဆုံကာ နိုင်ငံတော် အနေဖြင့်   ပြည်တွင်းထုတ်ကုန်များကို သွင်းကုန် အစားထိုးအဖြစ် ထုတ်လုပ်နိုင်ရန် အားပေးကူညီလျက်ရှိကြောင်း၊ စွန့်ပစ် ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အပံ့ဖြစ်စေပြီး တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်မှုမြင့်မားလာပါက ရန်ကုန်မြို့၏ စည်ကားရာနေရာများနှင့် နိုင်ငံခြားသား လည်ပတ်မှုများသော နေရာတို့တွင်  ပြသရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အများစိတ်ဝင်စားသော ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း။ ဈေးကွက်၏ သဘောသဘာဝကို သိရှိပြီး မိမိထုတ်ကုန်ကို နည်းမှန်လမ်းမှန် ထုတ်လုပ်ချပြနိုင်ရန် လိုကြောင်းပြောကြား၍  သင်တန်းသား များကို ထောက်ပံ့ငွေများ    ပေးအပ်သည်။

ယခုဖွင့်လှစ်သောသင်တန်းကို  ငှက်ပျောပင်မှစွန့်ပစ်ပစ္စည်းများကို အခြေခံ၍ လက်မှုစီးပွားလုပ်ကိုင်လိုသူများ၊ ငှက်ပျောစိုက်တောင်သူများနှင့် အမျိုးသမီးများ၊ အိမ်တွင်း လက်မှုလုပ်ငန်းအဖြစ်  စီးပွားရေးအခွင့်အလမ်းသစ်များရရှိစေရန်၊  မြန်မာ့လက်မှု ပညာရပ်များ  ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တန်ဖိုးထားတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း၌ ငှက်ပျောပင်မှချည်ထုတ်ခြင်း၊  ငှက်ပျောစက္ကူထုတ်ခြင်း၊ ဖိနပ်၊ ဖျာ၊ အိတ်မျိုးစုံနှင့် ဦးထုပ်မျိုးစုံထုတ်လုပ်ခြင်းတို့ကို  လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ မတ်လ ၉ ရက်မှ ၁၇ ရက်အထိ  Green Banana  Myanmar Group မှ သင်ကြား ပေးသွားမည်ဖြစ်ရာ   အခြေခံသင်တန်းပြီးဆုံးပါက အဆင့်မြင့်သင်တန်းဖြစ်သော ငှက်ပျောချည်ဖြင့်  ရက်ကန်းရက်ခြင်း၊ ဂျပ်ခုတ်ရက်ခြင်း၊    ချည်ထုတ်ယူခြင်း၊ ပိတ်စထုတ်ခြင်း၊ ပဝါထုတ်ယူခြင်း စသည့် နည်းပညာရပ်များကိုလည်း ၁၅ ရက်တာ လေ့ကျင့်သင်ကြားပေးသွားရန် ပြင်ဆင် ထားကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း၌ ငှက်ပျောစိုက်ဧက သိန်းချီစိုက်ပျိုးလျက်ရှိပြီး ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပလိုအပ်မှုနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်မှ အားပေးကူညီလျက်ရှိသည့်  MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့်အပြင် အလုပ်အကိုင်နှင့်စီးပွားရေး အခွင့်အလမ်းသစ်များစွာ ပွင့်လန်းလာမည်ဖြစ်သည်၊၊ ပြည်ပနိုင်ငံများတွင် ငှက်ပျောလျှော်မှ အသံအလုံခန်းတွင် အသုံးပြုသည့်စက္ကူ၊ ရေစိုခံစက္ကူနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ထုတ်လုပ်အသုံးပြုလျက်ရှိရာမြန်မာနိုင်ငံမှ ငှက်ပျောချည် ထုတ်လုပ်သူများကလည်း တီထွင်ကြံဆမှုနှင့်အတူ အခြား သောနိုင်ငံများနှင့် ရင်ပေါင်တန်းထုတ်လုပ်နိုင်ရန် စိတ်အားထက်သန်လျက် ပြည်ပပို့ကုန်နှင့် ပြည်တွင်းဖြစ်ကို အားပေးထုတ်လုပ်နိုင်မည့် အခွင့်အလမ်း များစွာလည်း စောင့်ကြိုလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-သီဟ

ညိမ်းသူ(သတင်းစဉ်)