(၁၀)နှစ်တာခရီးမှသည် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆီသို့ . . .

 

(၁၀)နှစ်တာခရီးမှသည် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆီသို့ . . .

အနာဂတ်အတွက် ပေးဆပ်ခဲ့စေလို

မနုဿတ္တဘာဝေါ ဒုလ္လဘောဘော  - လူ့ဘဝတွင် လူအဖြစ်ကို ရရှိရန်အတွက် ခက်ခဲလှသည်ဖြစ်သဖြင့် လူပီသစွာ လူ့ဘဝသက်တမ်းတို့ကို ကုန်ခန်းစေသင့်သည်ဟု မြတ်စွာဘုရားရှင်က ဟောကြားဆုံးမခဲ့သည်။ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်မှအပ်တစ်စင်းတို့ အချင်းချင်း  ထိခိုက်မိနိုင်ဖို့  ဆိုသည်ထက် အဆပေါင်းများစွာ ပို၍ခက်ခဲသည်  ဟုဆိုရိုးရှိသည့် လူ့ဘောင်လောက လူ့ဘဝကို ရရှိလာသည့်အခိုက်တွင် ကောင်းမှုများဖြင့် မွေ့လျော်ပျော်ပိုက်၍ အနာဂတ်အတွက် ပေးဆပ်ခဲ့ရန်လိုအပ်သည်။ အများအကျိုးအတွက် ပေးဆပ်လိုသည့် ပရဟိတစိတ်များဖြင့် ရှင်သန် ရပ်တည်ကာ အခြားသူများကို ထိခိုက်နစ်နာမှုမရှိစေသည့် လုပ်ရပ်များဖြင့် ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းခြင်းဖြင့် လူ့ဘောင်လောကကို သာယာလှပစေမည်ဖြစ်သည်။

လူမှုပတ်ဝန်းကျင်တွင် ရပ်တည်နေထိုင်ကြရာ၌ လူပီသသော  လူတစ်ဦးဖြစ်လာစေရေးအတွက် စောင့်ထိန်းအပ်သော  ကျင့်ဝတ်များစွာရှိသော်လည်း ကိုယ်ကျိုးအတွက် အများအကျိုးကို ထိခိုက်နစ်နာစေခြင်း မရှိစေဘဲ ပစ္စည်းဥစ္စာ ရှာဖွေခြင်းသည် လူ့ဘဝအတွက် အလွန်အရေးကြီးသော ကျင့်ဝတ်တစ်ခုပင်ဖြစ်သည်။ အသက်ရှင်သန်နိုင်ရေးအတွက် အဓိကလိုအပ်သည့် စား၊ ဝတ်၊ နေရေး ကို မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းနိုင်ရေး အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို မဖြစ်မနေလုပ်ကိုင်ကြရမည်မှာ  လောကသဘာ၀ လူ့ဘဝ၏ ဓမ္မတာပင်ဖြစ်သည်။ မိမိလုပ်ကိုင်ရသည့် အလုပ်တွင် ချမှတ်ထားသော ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ၍ ကိုယ်ကျိုးစီးပွားအလေးထားသည့် လောဘစိတ်များကို ဖယ်ရှားဆောင်ရွက်နိုင်မည်ဆိုပါက ကျင်လည်ရာ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာရှိသော လူတစ်ဦးအနေဖြင့် ရပ်တည်နိုင်မည်ဖြစ်သည်။

ဝန်ထမ်းဘဝမွန်မြတ်လှ

နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အများပြည်သူ အကျိုးစီးပွား တိုးတက်စေရေးအတွက် ဦးတည်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ကြရသည့် နိုင်ငံ့ဝန်ထမ်း အလုပ်သည် အလွန်မွန်မြတ်သန့်စင်လှသော အသက်မွေးမှုပင်ဖြစ်သည်။ သန့်ရှင်းမွန်မြတ်သော အသက်မွေးမှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသည့်အချိန်တွင် အများပြည်သူအကျိုး သယ်ပိုးရန်အတွက် အပ်နှံထားသည့် ရာထူး၊ ဌာန၊ လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုလုပ်၍  ကိုယ်ကျိုးရှာတတ်သည့် မကောင်းသည့် အကျင့်ဆိုးများမရှိရန်လိုအပ်သည်။ နိုင်ငံ့ဝန်ထမ်းများသည်   လုပ်ငန်းတာဝန်များကို ကျေပွန်စွာ  ထမ်းဆောင်ခြင်းဖြင့်  အများအကျိုး၊ လောကအကျိုး၊  နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသော အလုပ်ပင်ဖြစ်သည်။

ကျင့်ဝတ်စံတန်ဖိုးများကို   ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ  ဝတ်ဆင်ထားကြသည့်  နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် လောဘ၊ ဒေါသ၊ မောဟ  တရားများ ဝင်ရောက်နှောင့်ယှက်သည့်အခါ ကိုယ်ကျိုးအတွက်ဦးတည်သည့် အတ္တစိတ်များဖြင့် တံစိုးလက်ဆောင်များ လက်ခံခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း စသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်မိတတ်ကြသည်။ အများအကျိုးနှင့်   ကိုယ်ကျိုးတို့အကြား မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များဖြင့် တည့်မတ်ပေးရသည်။ ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်ဖောက်ဖျက်၍ ကိုယ်ကျိုးစီးပွားအလေးထားသည့် အပြုအမူများမှသည် နိုင်ငံသူ၊   နိုင်ငံသားများ၏   အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့်   အဂတိလိုက်စားမှုများကို ကျူးလွန်မိခြင်း မရှိစေရေးအတွက် နိုင်ငံတိုင်းတွင် အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ပြည်သူအကျိုးပြု ခရီးအစ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နိုင်ငံ့ဝန်ထမ်းများ၏ မွန်မြတ်သောစိတ်ထားနှင့် ခွန်အားတို့ကို အားကိုး၍ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ခဲ့ရသည့်ကာလတွင် ပြည်သူ့ဝန်ထမ်းများအနေဖြင့်  လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်   အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်  အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေကို ပြဋ္ဌာန်း၍ တားဆီးကာကွယ်ခဲ့သည်။ အဂတိလိုက် စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေး အကာ အကွယ်ပေးနိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့်  အဂတိ လိုက်စားမှု၏   သဘောသဘာဝ၊ ဆိုးကျိုးသက်ရောက်မှုများ၊ အများပြည်သူက ပူးပေါင်း ပါဝင်တိုက်ဖျက်နိုင်မည့် နည်းလမ်းများကို အများပြည်သူသို့ အသိပညာပေး ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ အဂတိပယ်ခွာပြည်သာယာ ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အများပြည်သူအကျိုးပြုဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ခရီးလမ်းသည် ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ၁၀ နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကာကွယ်ခြင်းဖြင့်သာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများဖြစ်ပွားပြီးမှ  စုံစမ်းစစ်ဆေး အရေးယူရသည့်အခါ စီမံခန့်ခွဲမှုကုန်ကျစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်သုံးစွဲရမှုများ၊ နိုင်ငံတော်နှင့်ပြည်သူ လူထု၏ အကျိုးစီးပွားဆုံးရှုံးရမှုများစသည့် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့်   အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေသည့်  အကြောင်းရင်းများကို ကြိုတင်တားဆီးကာကွယ်နိုင်ရေး   နိုင်ငံတိုင်းက အလေးထား ဆောင်ရွက်လာကြသည်။ ကော်မရှင်အနေ ဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများသို့ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်   ကိုယ်ကျင့်တရားစံနှုန်းများ လက်ကိုင်ထား၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်သူများ ဖြစ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် ဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

ပြည်သူတစ်ရပ်လုံးက နိုင်ငံ့ဝန်ထမ်းများအပေါ် ယုံကြည်အားကိုးသည့် စိတ်များဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်ကျိုးစီးပွား အလေးထားခြင်းဖြင့် အဂတိလိုက်စားမှုများ မကျူးလွန်စေရေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းထားသည်ကိုလည်း တွေ့ရသည်။ မြတ်သော အသက်မွေးမှု - သမ္မာအာဇီဝဖြင့် ရပ်တည်ဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းရပ်များအပေါ် အများပြည်သူ၏ တုံ့ပြန်မှု သဘောထားများရရှိကာ လိုအပ်သည့်ပြုပြင် ပြောင်းလဲမှုများကို  အချိန်မီ ဆောင်ရွက်နိုင်စေရေးအတွက် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကိုလည်း ဝန်ကြီးဌာနအဖွဲ့အစည်း ၃၁ ခုတွင်ဆောင်ရွက်နေသည်ကိုလည်းတွေ့ရသည်။ အဂတိလိုက်စားမှုဖြစ်နိုင်ခြေ လျော့နည်းကျဆင်း လာစေရေးအတွက် ဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းများက အခရာကျသဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ အသိပညာပေးခြင်း၊  အများပြည်သူကဏ္ဍ အသိပညာပေးခြင်း၊ လူငယ်ကဏ္ဍအသိပညာပေးခြင်း စသည်တို့က အလွန်အရေးကြီးသည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် အဂတိလိုက်စားမှုဆိုသည့် အကျင့်ဆိုးကို ငယ်စဉ်ကတည်းက သိရှိရှောင်ကြဉ်နိုင်ရေးအတွက် လူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူငယ်စကားဝိုင်းများကျင်းပခြင်း၊ လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေသည်ကိုတွေ့ရသည်။ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်မည့်နည်းလမ်းများအပါအဝင် ကော်မရှင်၏ လှုပ်ရှားဆောင်ရွက်မှုများ၊    အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ကော်မရှင်၏  website ဖြစ်သည့့် https://www.accm.gov.mmနှင့် Facebook Page ဖြစ်သည့် ACC Myanmar  တို့တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြလျက်ရှိသည်ကို တွေ့ရသည်။

ဥပဒေနှင့်အညီ ဆောင်ရွက်သည် ကျင့်ဝတ်ဖောက်ဖျက်သည့် အပြုအမူများမှသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းနှင့် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရသည်။ ကော်မရှင်စတင်ဖွဲ့စည်းခဲ့သည့်  ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၃၆၃၀၅ စောင်ရှိခဲ့ရာ အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ ၂၀၄၆၃ စောင်ကို စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၂၆၈၄ ဦးကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရလည်းကောင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၅ ဦး၊ အဆင့်မြင့် အရာရှိ ၂၁ ဦး၊ အရာထမ်း ၈၀ ဦး၊ အမှုထမ်း ၈၄ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦးနှင့် အခြားပုဂ္ဂိုလ် ၃၄ ဦး စုစုပေါင်း ၃၀၂ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ လည်းကောင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားသည်ကို တွေ့ရသည်။ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုများနှင့် အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာသို့ သိမ်းဆည်းခြင်းနှင့် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေခြင်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရပင်ဖြစ်ရာ ပြည်သူ့ဘဏ္ဍာသိမ်းဆည်း

နိုင်မှုနှင့် နိုင်ငံတော်ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုအနေဖြင့် မြန်မာငွေကျပ် ၂၃ ဘီလီယံကျော်ခန့်နှင့် အမေရိကန်ဒေါ်လာ  ၄  သန်းကျော်ခန့်  ရှိပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေးကာကွယ်နိုင်မှုအနေဖြင့် မြန်မာငွေကျပ် ၁၅၅ ဘီလီယံကျော်ခန့်နှင့် ယူရိုငွေ ၃ သန်းကျော်ခန့်ရှိခဲ့ပြီဖြစ်သည်ကိုလည်း တွေ့ရှိရသည်။

(၁၀) နှစ်ပြည့်ကာလမှသည်အဂတိလိုက်စားမှုသည် နိုင်ငံသားတို့၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင်များကို ယိမ်းယိုင်စေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဦးတည်၍ ခွဲဝေချထားပေးသည့် အရင်းအမြစ်များ ၊ဘဏ္ဍာရန်ပုံငွေများကို  လမ်းမှားသို့ရောက်ရှိကာ ဆုံးရှုံးစေတတ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ဖြစ်စဉ်များအားလုံးကို ကမောက်ကမဖြစ်စေပြီး နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူအကျိုးပြုလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေသဖြင့် အဂတိ လိုက်စားမှုကင်းစင်သည့် လူမှုပတ်ဝန်းကျင်ကို ဖန်တီးပုံဖော်နိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှုကို  လုံးဝသည်းခံခွင့်လွှတ်ခြင်းမရှိသည့် စိတ်ဓာတ်ဖြင့် ကော်မရှင်နှင့် လက်တွဲဆောင်ရွက်ကြရန်တိုက်တွန်းလိုသည်။

ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချမှတ်ထားသည့် မူဝါဒ၊ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ကျင့်ဝတ်စံနှုန်းများကို လက်ကိုင်ထားသည့် ဝန်ထမ်းများအနေဖြင့် မွန်မြတ်သောလုပ်အား၊ အများပြည်သူအကျိုးစီးပွား အလေးထားသည့် စိတ်ဓာတ်၊ အဂတိလိုက်စားမှု ကင်းစင်သည့် လုပ်ရပ်နှင့် မှန်ကန်တည့်မတ်သည့် ဆုံးဖြတ်ချက်တို့ဖြင့် အနာဂတ်နိုင်ငံတော်အတွက် ပေးဆပ်ခြင်းဖြင့် ရခဲလှသောလူ့ဘဝတွင် မြင့်မြတ်သောသူများအဖြစ် ရပ်တည်သင့်သည်။ လူ့ကျင့်ဝတ် ဖောက်ဖျက်မှု တစ်ခုဖြစ်သည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရေး အဓိကအနှစ်သာရ ဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ခြင်း လုပ်ငန်းစဉ်များတွင် အစိုးရဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်  ဆောင်ရွက်ကြရန်လိုအပ်သည်။ အဂတိပယ်ခွာ ပြည်သာယာ  ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာ ကော်မရှင်၏ ပြည်သူအကျိုးပြုကာလ (၁၀) နှစ်ပြည့်သည့် ၁၀-၃-၂၀၂၄ ရက်နေ့မှသည် နိုင်ငံတော်ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထု တစ်ရပ်လုံးက  အဂတိလိုက်စားမှု  အကျင့်ဆိုးကို လုံးဝလက်မခံ  အတူလက်တွဲ တွန်းလှန်တိုက်ဖျက် လိုသည့်စိတ်ဓာတ်တို့ဖြင့် ကော်မရှင်နှင့် လက်တွဲ ဆောင်ရွက်နိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြလိုက်ရပါသည်။   ။

ကိုးကား

-        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊

          Website၊

-        နေ့စဉ်ထုတ်သတင်းစာများ။

လင်းလက်