မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရန်ကုန်  မတ်  ၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၃၉  သန်းဖြင့်ကွန်ကရစ်လမ်း ၁ မိုင်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၄၂ ဒသမ ၄၀၅ သန်းတို့ဖြင့် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာဆက်သွယ်မည့် ကွန်ကရစ်လမ်း၂ မိုင် ၀၄ ဖာလုံအား ခွင့်ပြုရန်ပုံငွေကျပ် ၆၅၅ ဒသမ ၁၄၄ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေးနှင့် အခြေခံလူမှုစီးပွားဘဝ တိုးတက်လာစေရေး ရည်ရွယ်၍ စီမံကိန်းရေးဆွဲ ဆောင်ရွက်ပေးခဲ့သော ကွန်ကရစ်လမ်းဖြစ်သည်။

အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် ယခင်သွားလာရန်ခက်ခဲသော ကျောက်ကြမ်းလမ်းဖြစ်ပြီး ရှေးနှစ်ပေါင်း ၈၀ ကျော်ခန့်မှ ကျောက်ခင်းထားသော လမ်းတစ်လမ်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျေးရွာ

များတည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန၏ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော   သမိုင်းဝင်ရွှေဂူကြီးဘုရားနှင့် စေတီပုထိုးများတည်ရှိသော နယ်မြေလည်းဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးမှာကြားပြီး အရည်အသွေး ပြည့်ဝသော ကွန်ကရစ်လမ်းဖြစ်ပေါ်လာစေရန် ကြပ်မတ် ဆောင်ရွက်ခဲ့သောလမ်းဖြစ်သည်။ ပြင်ရွာတိုက်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၅၂ ရွာရှိပြီး လူဦးရေ ၆၅၀၀၀ ကျော်ခန့် အသုံးပြုနေသောလမ်းဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် အချိန်တိုအတွင်း သွားလာနိုင်သဖြင့် ဒေသခံပြည်သူလူထုများ ပျော်ရွှင်ဝမ်းသာ ဂုဏ်ယူလျက်ရှိကြောင်း သိရသည်။